Skip to main content

ဒလမြို့နယ် ဥပဒေရုံးသစ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဥပဒေရုံးသစ်များဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၂၀

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့နံနက်ပိုင်းတွင် ဒလမြို့နယ်ဥပဒေရုံးသစ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ဥပဒေရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေတို့က ဥပဒေရုံးသစ်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဥပဒေရုံးသစ်ဆိုင်းဘုတ်တို့ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး အဆောက်အအုံသစ်တို့ကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယနေ့ဖွင့်လှစ်ခဲ့သည့် ဒလမြို့နယ်ဥပဒေရုံးသစ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ဥပဒေရုံးသစ်တို့အပါအဝင်ခရိုင် ဥပဒေရုံးသုံးရုံး၊ မြို့နယ်ဥပဒေရုံးစုစုပေါင်း ၁၁ ရုံး၊ အရာထမ်းအိမ်ရာ (သီးသန့်) ရှစ်လုံးနှင့် မြို့နယ်ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ တွဲလျက် ၁၃ ရုံးတို့ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ဥပဒေရုံးသစ်များ၊ ဝန်ထမ်းအိမ်ရာများအား အဆင့်မီစွာ တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုများဖြစ်ပြီး အရာထမ်း၊ အမှုထမ်းများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်လျက်ရှိကြကြောင်း၊ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများသည် မိမိတို့ရုံးအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရုံးပတ်ဝန်း ကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးတို့တွင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူအားကိုးအားထား ပြုရသည့် ဥပဒေအရာရှိများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများနှင့်တွေ့ဆုံ၍ ဥပဒေအရာရှိများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများ၊ ဥပဒေအရာရှိ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရာတွင် ဥပဒေရေးရာကိစ္စရပ်များကို အထောက်အကူပြုပေးနိုင်ရေးအတွက် အမြဲကြိုးစားအားထုတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။   

သတင်းစဉ်