နေပြည်တော် စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဆောက်လုပ်ရေး၊ လမ်းတံတားနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားသောအားဖြင့် အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာ တစုတစည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ရပ်ရွာအတွင်း လူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီး စေတနာကိုအရင်းခံ၍ တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် နိုင်ငံတော်အနေဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်စေလိုကြောင်း။ မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအပါအဝင် လမ်းပျက်စီးမှုလုပ်ငန်း ပေါင်း ၆၂၇ ခု၊ တံတားလုပ်ငန်း ၁၈၅ ခု ပျက်စီးခဲ့ကြောင်းနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင်လည်း လူနေအိမ်နှင့် ရုံးအဆောက်အအုံများ ပြိုကျပျက်စီးခဲ့မှုကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၈၁၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် အဆောက်အအုံနှင့် လမ်းတံတားကဏ္ဍထိခိုက်ပျက်စီးမှုများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဟန့်အတားဖြစ်စေနိုင်သောကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ဘဏ္ဍာ နှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၃၃၁၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးကျပ် ၁၉၀ ဒသမ ၇၄ သန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာနှစ်ခုနှင့် ဘိုးဘွားရိပ်သာရှစ်ခု စုစုပေါင်းဂေဟာ၊ ရိပ်သာ ၂၂ ခု၊ စေတနာမူလတန်းကြိုကျောင်းတစ်ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၄၀ အတွက် ထောက်ပံ့ကြေးငွေကျပ် ၁၄၈ ဒသမ ၃၅၇ သန်းနှင့် နေရပ်စွန့်ခွာပြည်သူ ၁၀၈၉၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၅၃၄ ဒသမ ၉၆၀ သန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမူလတန်းကြိုကျောင်း၌ ကလေးငယ်များ မူကြိုပညာသင်ကြားနေမှုကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး မြေနေရာကိုလည်းကောင်း၊ စစ်ကိုင်းမျက်မမြင်သင်တန်းကျောင်း၌ အမျိုးသမီးအိပ်ဆောင်နှင့် ထမင်းစားဆောင်ဆောက်လုပ်မည့် မြေနေရာများကိုလည်းကောင်း၊ မျက်မမြင်ကလေးများ အတန်းပညာ၊ မျက်မမြင်အကြောပြင် အနှိပ်ပညာသင်ကြားနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်