နေပြည်တော် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံရေး၊ စက်မှုကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ခရိုင်အလိုက် မြို့နယ်အလိုက် မိမိဒေသ၏ ဆန်စပါးထုတ်လုပ်မှုဖြင့် ဝမ်းစာဖူလုံရေးအတွက် မျိုးရွေးချယ်မှုနှင့် စိုက်နည်းစနစ်များ ပြောင်းလဲဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော ဝင်ငွေရသီးနှံများ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်သွားရန်လိုအပ်ကြောင်း၊ မြိတ်ဒေသအနေဖြင့် ဆီအုန်း၊ ရော်ဘာ၊ သီဟိုဠ်သရက်အပြင် ကော်ဖီနှင့် ကိုကိုးကဲ့သို့သောသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကူညီအားပေးကြရန်လိုကြောင်း၊ ဆီအုန်း၊ ရော်ဘာပင်အိုများ အစားထိုးစိုက်ပျိုးနိုင်ရန် လိုအပ်သောမျိုးကောင်း မျိုးသန့်များကို မိမိတို့ခြံများမှ ကြိုတင်ပျိုးထောင်ထားရန်လိုအပ်ကြောင်း၊ ငါးပုစွန်ကဏ္ဍအနေဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးထိန်းသိမ်းကြပ်မတ်ခြင်းအပြင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ငါးပုစွန်မွေးမြူထုတ်လုပ်ခြင်းကို မြှင့်တင်ဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့သော လုပ်ငန်းအဖြစ် စီးပွားဖြစ်ဆောင်ရွက်နိုင်ကြမည်ဖြစ်၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကတို့ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် ထိတွေ့ဆက်ဆံကြရာတွင် မိမိတို့တာဝန်ဝတ္တရားများကို ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်