Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ ၊ လေ) မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာ

နေပြည်တော် စက်တင်ဘာ ၁၉

မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ခဲ့သော COL SHRIKANT JETHI ဦးဆောင်သည့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သတ္တသတ္တာဟစေတီတော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများလှူဒါန်းခြင်း၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သို့သွားရောက်လေ့လာခြင်း၊ သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ကြည့်ရှုလေ့လာ၍ ပန်းခွေချအလေးပြုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ကြသည်။

ထို့ပြင် စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင်လည်း အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Jasmine Hotel ၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်