Skip to main content

ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်ရန်အတွက် လာရောက်

နေပြည်တော် စက်တင်ဘာ ၁၇

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်ရန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က Jasmine Hotel ၌ လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံလေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းဘုရင့်လေတပ်ကဦးစီး၍ ဆောက်လုပ်တည်ထားလျက်ရှိသော Phra Mahathat Naphamethinidon Naphabhumisiri စေတီတွင် ဌာပနာထည့်သွင်းကိုးကွယ်ရန်အတွက် ဘုရား၊ ရဟန္တာ ဓာတ်တော်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်တို့အား ကာကွယ်ရေးဦးစီးချုပ်(လေ)က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က ဗုဒ္ဓဆင်းတုတော်မြတ်တစ်ဆူအား ဓမ္မဒါနလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီးက ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပြီး ဗိုလ်တထောင်ဘုရားအား သွားရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်