Skip to main content

မြန်မာ - တရုတ် ချစ်ကြည်‌ရေးအသင်းက နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့် ရုံးအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် အိမ်သုံးဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်း

နေပြည်‌တော် စက်တင်ဘာ ၁၇

မြန်မာ - တရုတ် ချစ်ကြည်‌ရေးအသင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ရှိ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများ အသုံးပြုရန်အတွက် အိမ်သုံးဆိုလာမီးအိမ်များကို ယနေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရုံးများသို့ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ဝင်များက ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုးထံလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၅၀ ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများအတွက် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ ၁၀၀ ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးထံလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်