လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းတို့သည် မြို့ပြများတွင် နေထိုင်သူများ ဖြစ်လာနိုင်ကြောင်း သုတေသီများက ခန့်မှန်းထားသည်။ မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၏ အကြောင်းရင်းအများအပြားရှိကြရာ ယေဘုယျအားဖြင့် မြို့ပြဒေသများတွင် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများ ပိုမိုများပြားခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံခြင်း၊ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားခြင်းစသည်တို့ကြောင့် ဖြစ်သည်။
လူဦးရေ သန်းနှင့်ချီ၍ နေထိုင်ကြသော မြို့ကြီးများ ကြီးမားကျယ်ပြန့်လာခြင်းက အိမ်ရာပြဿနာ၊ ရေနှင့်သန့်ရှင်းရေးဆိုင်ရာပြဿနာ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာပြဿနာ၊ စွမ်းအင်ဆိုင်ရာပြဿနာ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာပြဿနာ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာစသည်ဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်လာကြရသည်။ ထို့အပြင် မြို့လယ် လူနေစည်ကားရာနေရာများတွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းများ၊ လူသွားစင်္ကြံများ၊ ယာဉ်ရပ်နား နေရာများ၊ ရင်ပြင်များစသည်တို့ကို တည်ဆောက်ကြခြင်းကြောင့် အပူချိန်မြင့်မားခြင်း၊ အလင်းပြန်ခြင်း၊ အငွေ့နှင့် အမှုန်များ ထုတ်လွှတ်ခြင်းတို့ ပိုမိုဖြစ်ပေါ်စေပြီး လူတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေးတို့ကို ထိခိုက်စေသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ပိုမိုတိုးပွားလာစေသည်။ ထို့အပြင် မြို့ပြဒေသများတွင် ယာဉ်ယန္တရားများ ပိုမိုသုံးစွဲခြင်း၊ လျှပ်စစ်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ ပိုမိုသုံးစွဲခြင်းတို့ကြောင့် အပူထုတ်လွှတ်မှု ပိုမိုများပြားလာပြီး မြို့ပြ၏လေထုမှာ ပတ်ဝန်းကျင်ထက် ပိုမိုပူနွေးလာသည်။
အထက်ဖော်ပြပါ မြို့ပြ၏ လေထု၊ ရေထု၊ မြေထု၊ အသံ၊ အလင်းစသည့် ညစ်ညမ်းမှုပြဿနာအများအပြားကို ဖြေရှင်းပေးနိုင်သည့် အလွယ်ကူဆုံးနည်းလမ်းမှာ မြို့ပြဒေသအတွင်း သစ်ပင်များစိုက်ပျိုးခြင်းပင်ဖြစ်သည်။ မြို့တွင်းလမ်းမကြီးများ၏ လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲယာနှင့် လူသွားစင်္ကြံများ၏ ဘေးတစ်လျှောက်တို့တွင် အရိပ်ရပင်များ၊ ခြံစည်းရိုးပင်များ၊ အလှစိုက်ပင်များ၊ မြက်ခင်းများ၊ စိမ်းစိုတောအုပ်ငယ်များစသည်တို့ကို စိုက်ပျိုးပြီး စဉ်ဆက်မပြတ် စိမ်းလန်းစိုပြည်နေအောင် ပြုစုစောင့်ရှောက်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာအများအပြားကို ပြေလည်သွားစေသည်။
မြို့ကြီးများတွင် စိုက်ပျိုးထားသည့် သစ်ပင်သစ်တောများက လေထုထဲမှ အမှုန်အမွှားများကို ဖမ်းယူထားပြီး လေထုထဲမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သည်။ အရိပ်ရသစ်ပင်များက အဆောက်အအုံများမှ အလင်းပြန်မှုနှင့် အပူထုတ်လွှတ်မှုတို့ကို လျော့ကျစေသည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းရာမှ ထွက်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သစ်ပင်များက စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်၍ထုတ်ပေးသည်။ မြေအောက်ရေကိုလည်း သစ်ပင်များက သန့်စင်ပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့ကို သဘာဝအလျောက် ပြုလုပ်ပေးသည်။ သစ်ပင်တစ်ပင်သည် နှစ်စဉ် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏ ၄၈ ပေါင်ခန့်ကို စုပ်ယူပေးနိုင်ခြင်းဖြစ်ရာ သစ်ပင်အမြောက်အမြား စိုက်ပျိုးပေါက်ရောက်နေသည့် မြို့ပြ၏ လေထုအရည်အသွေးမှာ သစ်ပင်ကင်းမဲ့သည့်မြို့ထက် များစွာ သာလွန်ကောင်းမွန်နေမည်ဖြစ်သည်။ သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းစိုပြည်သာယာလှပသည့် မြို့ပြဒေသများတွင် နေထိုင်ရ သူများမှာ စိတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းကျိုးများကို ရရှိကြသည်။ သစ်ပင်သစ်ရိပ်များ အုပ်ဆိုင်းသည့်လမ်းတွင် ပုံမှန်လမ်းလျှောက်ကြသူများမှာ စိတ်စွမ်းအင်နှင့် မှတ်ဉာဏ်ပိုင်းတွင် တိုးတက်လာကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးပညာရှင်များက အဆိုရှိသည်။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တော သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့၏ ဆောင်ရွက်မှုများသည် သားစဉ်မြေးဆက်အထိ အကျိုးခံစားရမည်ဖြစ်ကြောင်း" နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားပြီး “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် မူဝါဒကိုလည်း ချမှတ်ထားရာ မိမိတို့နေထိုင်ရာ မြို့ပြနှင့်ကျေးလက်ဒေသများမှသည် နိုင်ငံတော်တစ်ဝန်းလုံး စိမ်းလမ်းစိုပြည်သာယာလှပစေရန် နိုင်ငံသားတိုင်းက ထိန်းသိမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။