နေပြည်တော် စက်တင်ဘာ ၁၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၂ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ စကားဝိုင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်အဖွဲ့ဝင်က ကျောင်းသားလူငယ်များ ဦးဆောင်ပါဝင်သည့် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးခြင်းကြောင့် လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများရရှိစေခြင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာ၌ ကျောင်းသားလူငယ်တို့၏ အခန်းကဏ္ဍပါဝင်လာစေခြင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ကြောင်း၊ လူငယ်များကို ငယ်စဉ်ကပင်စည်းကမ်းရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စသည့်အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးတတ်စေရန် စာသင်ကျောင်းများမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမှား၊ အမှန်ခွဲခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ ပြုမှုဆာင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲဆက်လက်ကျင်းပပြီး ကော်မရှင်အဖွဲ့ဝင်က ကျောင်းအုပ်ဆရာမကြီးထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်