နေပြည်တော် စက်တင်ဘာ ၁၄
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာ ချန်ကန်းကို ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပိုမိုမြှင့်တင်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး၊ ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့များ တည်ထောင်၍ မြို့နှစ်မြို့သာမက နှစ်နိုင်ငံကဏ္ဍစုံကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူးနှင့်အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူးက နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာရှိ Chinese Hibiscus Hall ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။