Skip to main content

၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၃

၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိတ်ဖက်အမျိုသား ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ “ဥတုဖောက်ပြန် သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်” “ FIRST AID AND CLIMATE CHANGE” ဖြစ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွင် ကြုံတွေ့လာနိုင်သော ထိခိုက်ဒဏ်ရာရရှိမှုများကို ရှေးဦးပြုစုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖော်ကျူးထားခြင်းဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်းသည် ဆေးရုံမရောက်မီ အသက်ကယ်ကုသခြင်း (Pre Hospital Care)၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း (First Aid) ဖြင့် ကူညီပြုစုပေးပြီး ဆေးရုံကို ပို့ဆောင်ရာတွင် ဆေးရုံ၏ (Post Hospital Care) ကို များစွာအထောက်အကူဖြစ်ကြောင်း၊ လူနာများအတွက် ဒဏ်ရာအခြေအနေ ပိုမိုမဆိုးစေရန်နှင့် အသက်ရှင်သန်စေရန်လည်း အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာစိတ်အပြည့်ဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို First Responder အဖြစ် ဆောင်ရွက်ပေးရုံသာမကဘဲ နိုင်ငံအတွင်းတွင် လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွင် ကူညီခြင်း၊ စေတနာသွေးလှူရှင် လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းကြိုတင် ပြင်ဆင်တုံ့ပြန်ခြင်းလုပ်ငန်းများအပြင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးတွင် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုအတွက် ရှေးဦးပြုစုခြင်းအပါအဝင် အခန်းကဏ္ဍအသီးသီးမှ ပါဝင်ကူညီဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာနှင့် အပြည်ပြည် ဆိုင်ရာကြက်ခြေနီအသင်းအဖွဲ့များ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများကို နိုင်ငံတကာကပေးသော အကူအညီအထောက်အပံ့များ ကူညီပံ့ပိုးရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အမှန်တကယ် လိုအပ်နေသည့် ပြည်သူလူထုလက်ထဲသို့ အချိန်မီရောက်ရှိစေရန် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီးစီမံခန့်ခွဲကြီးကြပ်ပေးရန် အလေးအနက်ထား ပြောကြားလိုကြောင်း။

ကြက်ခြေနီမောင်မယ်များအနေဖြင့် မိမိတို့ပိုင်နိုင်စွာ တတ်ကျွမ်းထားသော ရှေးဦးပြုစုခြင်း နည်းစနစ်များကို အများပြည်သူ လက်လှမ်းမီသိရှိ သင်ယူနိုင်စေရန်အတွက် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခါသမယတွင် အသင်းအဆင့်ဆင့် တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များအားလုံး ယခုထက်ပိုမိုပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးပြု လူမှုကရုဏာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Xavier Macquerh တို့က နှုတ်ခွန်းဆက်စကား ပြောကြားကာ ရှေးဦးပြုစုခြင်းဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲ တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်ပြီး ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြခန်း ငယ်နှင့်ရွေ့လျားရေသန့်စက်၊ Roam Water Filter တို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်