နေပြည်တော် စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၏ စာမေးပွဲကာလ နီးကပ်လာပြီဖြစ်သည့်အတွက် စာမေးပွဲအောင်မြင်စွာကျင်းပရေး၊ မေးခွန်းများလုံခြုံမှုရှိစေရေး၊ အဖြေလွှာများမပျောက်ပျက်စေရေးနှင့် အမှားအယွင်းကင်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာစာမေးပွဲဖြေဆိုနိုင်ရန် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ဖန်တီးပေးရန်နှင့် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် တက္ကသိုလ်အသီးသီးတွင် စကားဝိုင်းဆွေးနွေးပွဲများနှင့် သုတေသနအလုပ်ရုံဆွေးနွေးပွဲများကျင်းပရန်၊ ရာထူးတိုး၊ အပြောင်းအရွှေ့များဆောင်ရွက်ခြင်းအတွက် မူဝါဒများချမှတ်ရန်၊ Grade 10, 11, 12 သင်ရိုးညွှန်းတမ်းများနှင့်စပ်လျဉ်း၍ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ တက္ကသိုလ်စာကြည့်တိုက်များတွင် စာကြည့်တိုက်အသုံးပြုမှုမှတ်တမ်းထားရှိရန်၊ တက္ကသိုလ်ပညာရပ်များ အဆင့်မြင့်မားရေးစာကြည့်တိုက် အခြေပြုရန်လိုအပ်သောကြောင့် ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက်ရောက်လာသူများက တက္ကသိုလ်ပညာရပ်များ အဆင့်မြင့်မားရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်