နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများရှိရန်လိုသည်။ လူသားအရင်းအမြစ်ကောင်းများရရှိနိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးခြင်း၊ လူသားအရင်းအမြစ်ကို ထိရောက်စွာအသုံးချခြင်းတို့ကို ကောင်းစွာဆောင်ရွက်နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံတွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာစဉ်ခရီးစဉ်တွင် လိုက်ပါကြသည့် မီဒီယာများ၏ မေးမြန်းမှုများကိုဖြေကြားရာတွင် “သူတို့ကျွန်တော့်ကို မေးတဲ့မေးခွန်းတစ်ခုရှိတယ်။ သူတို့ တကယ်လို့ မြန်မာနိုင်ငံမှာလာရောက်အလုပ်လုပ်ပြီဆိုရင် မြန်မာနိုင်ငံက လူသားအရင်းအမြစ်တွေကို ရနိုင်မလားဆိုတဲ့ဟာတွေ၊ သတ်မှတ်ထားတဲ့အတိုင်း တာဝန်ပေးရမှာလားဆိုတဲ့ မေးခွန်းတွေမေးလာတယ်။ ကျွန်တော်တို့ဥပဒေက လုပ်ကိုလုပ်ရမယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်လည်း သူတို့နဲ့လက်တွဲပြီးတော့မှ ယှဉ်တွဲပြီးလုပ်နိုင်မယ့် လူသားအရင်းအမြစ်တွေလိုတယ်။ အဲဒီလူသားအရင်းအမြစ်တွေ မလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုလက်တွဲလုပ်လို့ရမလဲ။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်ကို ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ ကြိုးစားအားထုတ်ဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သယံဇာတနှင့် အလုပ်လုပ်နိုင်သော အင်အားစုများရှိသလို ပစ္စုပ္ပန်တွင်ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကလည်း နိုင်ငံအတွက် အလားအလာကောင်းများပေးအပ်သကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ သို့ရာတွင် တည်ငြိမ်အေးချမ်းမှုများ ဒေသများစွာတို့တွင် ပျက်ပြားနေခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရ မည့်လုပ်ငန်းများကို နှောင့်နှေးစေသည်။ သို့ဖြစ်ရာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုများ ရရှိအောင် ဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ နိုင်ငံတော်၏ ဆောင်ရွက်မှုများတွင်လည်း ဝိုင်းဝန်းကူညီကြရန်လိုသည်။ နောက်ထပ်လိုအပ်ချက်မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဖြစ်သည်။ မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအချိုးအစားများပြားမှုရှိသော်လည်း အမှန်တကယ်လုပ်ကိုင်ရာတွင် လူသားအရင်းအမြစ်ရှားပါးနေခြင်းဖြစ်သည်။ ပြည်တွင်း MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင်ပင် လုပ်သားရှားပါးမှုများရှိကြောင်း သိရှိရပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
“နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူ၍ နိုင်ငံတော်က နှိုးဆော်တိုက်တွန်းနေရခြင်းမှာ မိမိတို့နိုင်ငံသားများ၏ ပျမ်းမျှပညာရေးအဆင့်အတန်းနိမ့်ကျနေခြင်း၊ နိုင်ငံ့လူဦးရေနှင့်နှိုင်းယှဉ်ပါက ပညာတတ်ဦးရေနည်းပါးနေခြင်းတို့ကြောင့်ဖြစ်သည်။ ဤသို့ဖြစ်နေရခြင်းမှာ နိုင်ငံသားများအတွင်း ပညာရေးကို အလေးမထားမှု၊ ပညာကို ဆုံးခန်းတိုင်အောင် ကောင်းစွာမသင်ယူမှုတို့ကြောင့်ဖြစ်သည်။ သေစာရှင်စာမျှတတ်သည်နှင့် ကျောင်းမှထွက်ပြီး အိမ်နီးချင်းနိုင်ငံများတွင် အောက်ခြေအလုပ်များသွားလုပ်ကာ ငွေကြေးရှာဖွေကြခြင်းများက ၎င်းတို့၏ဘဝအတွက်ရော နိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးစေသည်။ နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း အနည်းဆုံး KG+9 ပြီးဆုံးအောင်သင်ယူပြီး အသက်မွေးဝမ်းကျောင်း ပညာများ ဆက်လက်သင်ယူကာ ကျွမ်းကျင်အလုပ်သမားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုလျှင်ပင် အဆင့်အတန်းမြင့်မြင့်နှင့် များစွာပိုမိုသည့်ဝင်ငွေကို ရရှိနိုင်သကဲ့သို့ ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြလျှင် အိုးမကွာ အိမ်မကွာ ဝင်ငွေမြင့်မားစွာရရှိနိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် မိမိတို့၏ ကိုယ်ပိုင်ဘဝများမြင့်မားရေးတို့အတွက် ပညာရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် ပညာကို ကောင်းစွာသင်ယူကြရန်နှင့် ပညာရေးကို နိုင်ငံသူ နိုင်ငံသားတိုင်းက အားပေးကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။