Skip to main content

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၁

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ball Room ၌ ကျင်းပပြုလုပ်သည်။

NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ NCA အထိမ်းအမှတ် နှစ်ပတ်လည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ရာ လာမည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား နေပြည်တော်၌ နိုင်ငံရေးအနှစ်သာရ ရှိရှိဖြင့် ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး တစ်ဆက်တည်း NCA အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပပြုလုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

တက်ရောက်

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အတွေ့အကြုံများ မျှဝေဖလှယ်

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် NCA သည် ငြိမ်းချမ်းရေးအတွက် အရေးကြီးကြောင်း၊ NCA နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲတို့၌ NCA တွင် ပါဝင်ခဲ့ကြသူများ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် Stakeholders များ၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ကဏ္ဍအသီးသီးမှ တက်ရောက်လာကြသူများအနေဖြင့် NCA ၏ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများအပေါ် အချင်းချင်း အမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ပြီး အလွတ်သဘောကျယ်ပြန့်စွာ ဆွေးနွေးနိုင်ရန် အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း၊ NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား အသွင်သဏ္ဌာန်နှင့် အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး၊ အခမ်း အနားကျင်းပရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးနိုင်ရေးကိစ္စများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားနယ်မြေများတွင် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမှုလုပ်ငန်း ဆောင်ရွက်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ က ပြခန်းများတွင် ပါဝင်ခင်းကျင်းပြသနိုင်ရေးကိစ္စများအား ပြောကြားသည်။

အကြံပြုဆွေးနွေး

ဆက်လက်၍ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လူငယ်နှင့် ငြိမ်းချမ်းရေးကဏ္ဍအရေးပါမှုအခြေအနေ၊ လက်ရှိနိုင်ငံ၏ ပကတိဖြစ်ပေါ်တိုးတက်မှုနှင့် NCA အခမ်းအနား၏ အရေးပါမှုအခြေအနေနှင့် အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲဆောင်ပုဒ်အဖြစ် “NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည်” ဟု သတ်မှတ်ထားပြီး “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ်တည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ခြင်း” Theme ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်