နှစ်စဉ်စက်တင်ဘာလ၏ ဒုတိယစနေနေ့သည် “ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့” ဖြစ်သည်။ ဤနေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာများမြှင့်တင်ရန်၊ ရပ်ရွာ အသိုက်အဝန်းများတွင် ကြိုတင်ပြင်ဆင်မှုများ အားကောင်းလာစေရန်နှင့် နေရာတိုင်းတွင် မရှိမဖြစ်လိုအပ်သော အသက်ကယ်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူကြရန်အတွက် တွန်းအားပေးသည့် အခါသမယလည်းဖြစ်သည်။ ယခုနှစ်ကျင်းပမည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့သည် ကမ္ဘာတစ်ခွင်ပြောင်းလဲလာ သည့် ရာသီဥတုနှင့် ရှေးဦးသူနာပြုစုခြင်းတို့ကြား ဆက်နွှယ်မှုအပေါ် အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ရာ ယခုနှစ်၏ ဆောင်ပုဒ်ကို “ဥတုဖောက်ပြန် သဘာဝဘေးရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်” (First Aid and Climate Change) ဟု ချမှတ်ထားသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များက ပို၍ပြင်းပြင်းထန်ထန်၊ ပို၍အကြိမ်ရေများများ ဖြစ်ပေါ်လျက်ရှိရာ လူမှုအသိုက်အဝန်းများက ၎င်းဖြစ်စဉ်များကို ပိုမို၍ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားကြရန် လိုအပ်သကဲ့သို့ပင် ရှေးဦးသူနာပြုစုခြင်းအပိုင်းက လည်း အမြဲအသင့်ရှိရန်နှင့် ပို၍ကျွမ်းကျင်အောင် လေ့ကျင့်ထားကြရန် အခြေအနေအရပ်ရပ်တို့က တောင်းဆိုနေကြပြီဖြစ်သည်။ အပူလှိုင်းကျရောက်ခြင်းနှင့် ရေကြီးရေလျှံခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းကြောင့် ဘေးဒဏ်သင့်ခံရသူများအတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများအပေါ် စီမံခန့်ခွဲရာတွင် ရှေးဦးပြုစုခြင်း၏ကဏ္ဍမှာ အရေးပါသည်။ သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်ခံရသည့် လူမှုအသိုက်အဝန်းအတွင်း မကြာခဏ ဆိုသလိုပင် ပြင်းထန်သောစိတ်ဖိစီးမှုနှင့် စိုးရိမ်ထိတ်လန့်မှုများဆီသို့ ဦးတည်သွားစေသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းသည် ရပ်ရွာလူမှုအသိုက်အဝန်း၏ တုံ့ပြန်မှုတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။
ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ကျရောက်နေစဉ်နှင့် ကျရောက်ပြီးချိန်တွင် ကိုယ်လက်အင်္ဂါစသည့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရသူများ သို့မဟုတ် ပြင်းထန်သည့်စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိသူများကို ကူညီမှုပြုနိုင်ရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးသမားများနှင့် ရပ်ရွာလူထုများအတွင်း၌ပါ ရှေးဦးပြုစုခြင်းနည်းလမ်းများကို လေ့ကျင့်သင်ကြားပေးထားရန်လိုအပ်ပြီး အရေးပေါ်တုံ့ပြန်မှုများကို လျင်လျင်မြန်မြန်ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် သဘာဝဘေးအန္တရာယ် တစ်စုံတစ်ခု ကျရောက်နေစဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင်ကြုံတွေ့နိုင်သည့် အန္တရာယ်များ၊ ဥပမာအားဖြင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေစဉ်အတွင်း ဓာတ်အားစီးဆင်းနေသည့် ဓာတ်ကြိုးများ၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့် အပျက်အစီးအပိုင်းအစများစသည်တို့ကို သတိပြုဆောင်ရွက်တတ်ကြစေရန်ကိုပါ သင်တန်းများတွင် ထည့်သွင်းပို့ချရန် လိုအပ်သည်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းတွင် ဘေးဒဏ်ခံစားရသူများ၏ ပြောကြားမှုများအပေါ် ကိုယ်ချင်းစာနာမှုစိတ်ဓာတ်ဖြင့် လက်ခံနားထောင်ပေးရန်၊ လူများ၏ခံစားချက်အပေါ် ငြိမ်သက်အေးချမ်းမှုရအောင် ကူညီပေးရန်တို့မှာ အရေး ကြီးသည့်အဆင့်ဖြစ်ပြီး ဆက်လက်၍ လက်တွေ့ကျသည့် ပံ့ပိုးကူညီမှု၊ ပြန်လည်ထူထောင်မှုတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သည်။
အနာဂတ်ကာလတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်များ အကြိမ်ရေများစွာနှင့် ပိုမိုပြင်းထန်စွာ ကျရောက်လာမည်ဖြစ်ရာ လူငယ်၊ လူလတ်၊ လူကြီးများအပါအဝင် အသက်အရွယ်အုပ်စုများအားလုံး ရှေးဦးပြုစုခြင်းအသိပညာနှင့် စွမ်းရည်များ မြှင့်တင်ထားကြရမည်ဖြစ်သည်။ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာမှုအပေါ် အရေးပေါ်တုံ့ပြန်နိုင်သည့်စွမ်းရည် မြင့်မားခြင်း၊ အချင်းချင်းအပြန်အလှန်ကူညီခြင်းတို့က ရပ်ရွာလူမှုအသိုက်အဝန်းများ၏ ခံနိုင်ရည်ကိုမြင့်မားစေပြီး အန္တရာယ်ဟူသမျှ ကျော်လွှားနိုင်ကြပါမည့်အကြောင်း။ ။