နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ငါးဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေး အတွက် လျာထားသတ်မှတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီမင်္ဂလာခန်းမ၌ကျင်းပသည့် နေပြည်တော်အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေး၊ သာယာလှပပြီး အဆင့်မီသည့် Green City၊ Clean City၊ Smart City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျေးရွာအရွယ်အစားနှင့် မြေနေရာပေါ်မူတည်၍ ကျေးရွာတစ်ရွာလျှင် နေရာဒေသအလိုက် ထင်းစိုက်ခင်းအနည်းဆုံး နှစ်ဧကစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ အလားတူနိုင်ငံအဝှမ်းမြို့ပြများနှင့် ရပ်ရွာဒေသအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာစေရေးအတွက် လမ်းဘေးဝဲယာသစ်ပင်၊ သစ်တောများ၊ စိမ်းလန်းမြေများ (Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြသစ်တောများ၊ တစ်အုပ်တစ်မ စိုက်ခင်းများနှင့် စိမ်းလန်းစိုပြည်သည့် Landscape များကို ပိုမိုတိုးမြှင့်တည်ထောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)