နေပြည်တော် စက်တင်ဘာ ၁၀
ဆီဆိုင်မြို့၊ အောင်မြေသာစံမြို့နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲတွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီး ဆိုက်ခေါင်-မောက်မယ်သွားလမ်းတွင် မောက်မယ်ဘက်မှ ဆိုက်ခေါင်သို့ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ထီလုံးဟီးကျေးရွာနေ ခွန်မောင်ကံ(ခ)သိန်းဇော်(၂၉)နှစ် မောင်းနှင်ပြီး ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ထီလုံးဟီးကျေးရွာနေ နန်းဗွာ(၄၄)နှစ် လိုက်ပါလာသော ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၅ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီတွင် သတင်းအရ အောင်မြေသာစံ မြို့နယ် မင်းတဲအီကင်းရပ်ကွက် ၈၉ လမ်း၊ ၁၈ လမ်းx ၁၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်နေ ဖုန်းမြင့်နိုင် (၂၈)နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်နေ သက်ဇော်ဦး(၃၀)နှစ် လိုက်ပါလာသော MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၈ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၆ သိန်း) ကို ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖုန်းမြင့်နိုင် ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်ရှိ နေအိမ်မှ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀) ထပ်မံသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်