နေပြည်တော် စက်တင်ဘာ ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့်အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီတွင် အိမ်ရှင်နိုင်ငံဖြစ်သည့် အီရန်နိုင်ငံမှ အွန်လိုင်းဖြင့် ကျင်းပသည့် (၅၃) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အဆိုပါအစည်းအဝေးတွင် အေစီယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အီရန်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်နှင့် ဘယ်လာရုစ်နိုင်ငံများမှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ Executive Director များနှင့် Observers များအဖြစ် ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် အာဖဂန်နစ္စတန်နိုင်ငံဗဟိုဘဏ်တို့ တက်ရောက်ကြသည်။
အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုဘဏ်ဥက္ကဋ္ဌများက ဂုဏ်ပြုပြောကြားသည့် အေစီယူနှစ် (၅၀) ပြည့် အထိမ်းအမှတ် Video Clip အား ပြသပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ မေခရိုစီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ အဖွဲ့ဝင်နိုင်ငံများ၏ ငွေပေးချေမှုစနစ်များ တိုးတက်ဆောင်ရွက်နေမှုများ၊ အေစီယူအဖွဲ့ ပိုမိုအားကောင်းခိုင်မာလာရေး၊ အေစီယူအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုတွင် အေစီယူ ဒေါ်လာ၊ အေစီယူ ယူရို၊ အေစီယူ ယန်းတို့အပြင် အိန္ဒိယရူပီးအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးများအသုံးပြု၍ ငွေပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အေစီယူငွေပေးချေမှုဆိုင်ရာလုပ်ငန်းစဉ်နှင့် စည်းမျဉ်းများတွင် ပြင်ဆင်ရေးကိစ္စရပ်များ၊ အေစီယူငွေပေးချေမှုဆိုင်ရာ သတင်းအချက်အလက်ပေးပို့သည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ယင်းစနစ်တွင် အေစီယူငွေပေးချေမှုဆိုင်ရာ သတ်မှတ်ခွင့်ပြုထားသည့်ဘဏ် (ACU Designated Bank) များ ပါဝင်ချိတ်ဆက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ အေစီယူအဖွဲ့ဝင်နိုင်ငံများအကြား ငွေပေးချေမှုစနစ်အချင်းချင်းချိတ်ဆက်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များ၊ အေစီယူဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငွေပေးချေမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ အေစီယူအဖွဲ့ဝင်ဗဟိုဘဏ်များ၏ အရာထမ်းများအား စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဆောင်ရွက်ပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်