Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကလောမြို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့၏ ထင်ရှားသော ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာအတွင်းရှိ စွန့်စားခရီးသွားလုပ်ငန်း၊ စခန်းချတည်းခိုနေထိုင်ခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ ကြိုးတန်းလျှောစီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက လူငယ်ခရီးသွားလုပ်ငန်း (Youth Tourism)၊ တောင်တန်းဒေသခရီးသွားလုပ်ငန်း (Mountaineering Tourism)၊ အားကစားခရီးသွားလုပ်ငန်း (Sports Tourism)၊ တောတွင်းခရီးသွားလုပ်ငန်း (Jungle Tourism) တို့ကိုပါ တွဲဖက်ဖော်ဆောင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြစေရန် ဈေးကွက်မြှင့်တင် ကြိုးစားကြရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဌာနပိုင်ငှားရမ်းထားသော Kalaw Heritage Hotel ၌ ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကလောမြို့ကို ခရီးသွားမြို့တော်ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ရှိ နှစ်ထပ်စာသင်ကျောင်းဆောင်၌ ဆရာ ဆရာမများက Grade- 11 ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပေးနေမှုနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ ဘောလုံးအားကစားကွင်း၊ ဂျူဒိုအားကစားခန်းမ၊ တိုက်ကွမ်ဒိုအားကစားခန်းမ၊ ပင်မနှစ်ထပ်ဆောင်ရှိ ရုံးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားရှိသည့် ဆေးပေးခန်းနှင့် စက်ပစ္စည်းအခြေအနေ၊ ဆေးကုသရာတွင် ဆရာဝန်နှင့် သူနာပြုအင်အား လုံလောက်စွာထားရှိပေးနိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားရန်နှင့် 50 kW Solar Hybrid System တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းခရိုင် အားကစားကွင်း၌ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ဂိုးတိုင်၊  ကော်နာတိုင်များ စနစ်တကျတပ်ဆင်ထားရှိမှု၊ ရေလုံလောက် မှုရှိစေရေးအတွက် ရေစင်တည်ဆောက်ထားရှိမှုနှင့် ရေလိုင်း၊ မီးလိုင်းများ စနစ်တကျ သွယ်တန်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် အားကစားကွင်း၌ကျင်းပသည့် တပ်ကုန်းမြို့နယ် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စံပြအလယ်တန်းကျောင်းခွဲအသင်းနှင့် MRTV အထက်တန်း‌ကျောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်