နေပြည်တော် စက်တင်ဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ဟန့်တားမှုကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှု၊ နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ဘူးသီးတောင်၊ မောင်တောဒေသ၌ တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများအား စစ်တွေမြို့နှင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုခဲ့မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းပါက သက်ဆိုင်ရာဒေသသို့ ပြန်လည်စေလွှတ်တာဝန်ထမ်းဆောင်မည့် အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR ဆက်လက်လက်တွဲပူးပေါင်းပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်