Skip to main content

နိုင်ငံနှင့် ဒေသအကျိုးဖော်ဆောင်ရန်ဆန္ဒရှိပါက အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှုများနှင့် မဲမသမာမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုများကို ငြင်းဆန်ခဲ့ခြင်း၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပြီး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာဆောင်ရွက်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိဘဲ မေတ္တာရပ်ခံတောင်းဆိုမှုအပေါ် ငြင်းပယ်ခဲ့ပြီး ပြဿနာဖြစ်ပွားနေသည့် ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုပင်ဖြစ်သည်။

ထိုသို့လုပ်ဆောင်မှုများသည် မဲမသမာမှုများရှိခဲ့၍သာ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းမရှိသည်မှာ ပေါ်လွင်နေသည်။ ထို့အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်းမှုတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်အရ မဟုတ်သည့် ပုဂ္ဂလိကပြစ်မှုကျူးလွန်မှုများရှိခဲ့၍ အရေးယူခံရသည့်အချိန်လည်းဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်ခဲ့သည်။ ယင်းကို ပြည်တွင်း၊ ပြည်ပက အထင်အမြင်လွဲမှားအောင်၊ တပ်မတော်က ဒီမိုကရေစီကို နောက်ပြန်ဆွဲသယောင်ဝါဒမှိုင်းတိုက်ကာ ၎င်းတို့သာ ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်လျက် NUG ၊ CRPH တို့ကို တရားမဝင် ဖွဲ့စည်းခဲ့ကြပြီး ပြည်သူလူထုနှင့် လူငယ်လူရွယ်တို့ကို လွဲမှားသည့်မျှော်လင့်ချက်များပေးကာ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်သို့ တွန်းပို့ခဲ့သည်။ NUG ၊ CRPH တို့သည် PDF အမည်ခံအဖွဲ့များကို ဖွဲ့စည်းကာ လက်နက်၊ ခဲယမ်းရရှိရေးအတွက် အချို့သော EAO များလက်အောက်သို့ သွတ်သွင်းခဲ့ပြီး အချို့သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ နယ်မြေကျူးကျော်ချဲ့ထွင်ခြင်း စသည်တို့တွင် PDF များကို အသုံးချခံဘဝများအဖြစ် စတေးခဲ့သည်။

ယခုအခါ နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကြောင့် အချို့သော အကြမ်းဖက် EAO တို့သည် ရပ်တည်ရန်ခက်ခဲလာကြပြီး PDF အမည်ခံတို့သည်လည်း ပိုမိုအတိဒုက္ခရောက်လာကြသည်။ ဒီမိုကရေစီသည် ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်းဖြစ်သည်။ ဒီမိုကရေစီကို နောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ရန် အချိန်တန်ပြီဖြစ်သည်။ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏ စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များကို မိဘအုပ်ထိန်းသူများထံ နွေးထွေးစွာအပ်နှံပေးခဲ့ပြီးဖြစ်သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများအပြင် PDF များကလည်း လိုလားကြပြီး ရည်မှန်းချက်ချင်းလည်း တူညီကြသည်။ ဒီမိုကရေစီအရေခြုံပြီး နိုင်ငံတော်အာဏာကို မက်မောကြသည့် NUG ၊ CRPH တို့၏ လိုလားချက်မှာ ၎င်းတို့သာ ရွေးကောက်ခံအစိုးရဆိုသည့် ရပ်တည်ချက်မပျောက်ဆုံးရေးအတွက် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်းဖြစ်သည်။ PDF များကိုလည်း ၎င်းတို့၏ အသုံးချခံအဖြစ် လိမ်လည်လှည့်ဖြားနေခြင်းဖြစ်သည်။ ၎င်းတို့၏ နှောင့်ယှက်မှုများကြောင့်သာ ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင်ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးအလွန် အားလုံးမျှော်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကိုမျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်း။       ။