Skip to main content

ဉာဏ်နှင့် ယှဉ်သည့်လမ်းကို ရွေးချယ်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဟူသော မျှော်မှန်းချက်သည် ယနေ့မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည်။ ယင်းမျှော်မှန်းချက်သည် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့သာမက နိုင်ငံတော်ကိုဆန့်ကျင်နေသူ၊ ပုန်ကန်နေသူ၊ အတိုက်အခံပြုသူတို့ကလည်း သဘောတူညီကြသည့် ဘုံမျှော်မှန်းချက်ဖြစ်သည်။ သို့ရာတွင် သူလည်းဒီမိုကရေစီ၊ ကိုယ်လည်းဒီမိုကရေစီ၊ သူလည်းဖက်ဒရယ်၊ ကိုယ်လည်းဖက်ဒရယ်ဟူ၍ တူညီနေပါလျက် လက်နက်စွဲကိုင်တိုက်ခိုက်နေကြခြင်းမှာ နားမလည်ချင်စရာကောင်းသည်။ လွတ်လပ်ရေးရပြီးကာလ မြန်မာ့နိုင်ငံရေးသမိုင်းကို သေချာစွာလေ့လာစေ့ငုလျှင်မူ ယနေ့မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တို့အပေါ် ကောင်းစွာနားလည်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးသမားများ၏ အလေ့အထနှင့် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းပေါင်းစုံတို့၏ သဘာဝမှာမူခေတ်တိုင်းတွင် ထူးမခြားနားဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံ့အရေးထက် ကိုယ့်အရေးကို ဦးစားပေးသူများ၊ နိုင်ငံရေးကို ညစ်ထေးအောင်ပြုမူသူများ၊ တွေးခေါ်မြော်မြင်မှုနည်းပါးသူများ နိုင်ငံရေးလောကတွင်ပေါများသကဲ့သို့ လူမျိုးစုအရေးဗန်းပြ၍ လက်နက်ကိုင်အဖွဲ့ထူထောင်ကာ စစ်နယ်ရှင်အဖြစ် မင်းမူလိုသူများ၊ လက်နက်ကိုင်ပြီး အကျိုးစီးပွားရှာလိုသူများ၊ အတွေးအခေါ်ကင်းမဲ့စွာဖြင့် မဆုံးနိုင်သည့်လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်ထားကြသူများသည်လည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ပေါင်းစုံတို့ကို ဦးဆောင်သူများဖြစ်နေကြသည်။

သို့ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည်ကို ၎င်းတို့အနေဖြင့် လူကြားကောင်းအောင် ဝါဒဖြန့်သက်သက်မျှသာ ပြောဆိုနေကြခြင်းဖြစ်သည့်အလျောက် အမှန်တကယ်လိုလားခြင်းမဟုတ်။ အမှန်တကယ်လိုလားသည်ဆိုလျှင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၍ နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တက်လာရုံသာဖြစ်သည်။ ထိုနည်းတူစွာပင် ၂၀၂၁ ခုနှစ် နောက်ပိုင်းနိုင်ငံရေးအပြောင်းအလဲတွင် အကြမ်းဖက်နိုင်ငံရေး သမားများ လှုံ့ဆော်မှု၊ ဘေးတီးပေးမှုတို့ကြောင့် PDF အမည်ခံ လက်နက်ကိုင်အုပ်စုများ ပေါ်ပေါက်လာခဲ့ပြီး ဒေသအသီးသီးတို့တွင် လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ကြရာ လေးနှစ်ကျော်မျှကြာမြင့်လာပြီးသည့် ယနေ့အချိန်တွင် ၎င်းတို့၏လုပ်ရပ်များကို မနှစ်မြို့သည့်အဖွဲ့ဝင်များက ၎င်းတို့၏ အဖွဲ့အသီးသီးကို စွန့်ခွာနေကြပြီဖြစ်သည်။ အချို့မှာလည်း အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ထားမှုများကြောင့် အကြမ်းဖက်အဖွဲ့များအတွင်း ဆက်လက်ရှိနေကြရသည်ဟုလည်း သိရသည်။

ယခုအခါ နိုင်ငံတကာတွင် ပြောင်းလဲလာသော အခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေများက နိုင်ငံတော်ကို အကြမ်းဖက်လက်နက်ကိုင်ဆန့်ကျင်နေမှုများအပေါ် ရပ်တည်ရန်ခက်ခဲလာစေသည်။ လက်တွေ့အားဖြင့်လည်း အကြမ်းဖက် EAO များနှင့် PDF များ၏ အတိဒုက္ခများကို လူမှုကွန်ရက်များတွင် မမြင်ချင်တစ်ဆုံးတွေ့မြင်ကြားသိနေကြရသည်။ မိမိတို့နိုင်ငံတော်၊ မိမိတို့ပြည်သူများ၊ မိမိတို့ တပ်မတော်အနေဖြင့် ဦးတည်ချက် (၄) ရပ်ကို တိတိကျကျချမှတ်ပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ရာ မကြာမီပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်အောင်ကျင်းပပြီး ဒီမိုကရေစီရှေ့ခရီးကို ဆက်ကြမည်ဖြစ်သည်။

သွားမည့်ခရီးပန်းတိုင်ချင်းတူလျှင် အကွေ့အကောက်အတက်အဆင်းနည်းသည့်လမ်း၊ သွေးထွက်သံယိုကင်းသည့် လမ်းကိုရွေးချယ်ခြင်းကသာ ဉာဏ်နှင့်ယှဉ်ရာကျမည်ဖြစ်သည်။ အဖျက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်များအပါအဝင် မြို့များ၊ ရွာများ၊ လမ်းတံတားများ ဒေသအများအပြားမှာ ပျက်စီးခဲ့ရပြီဖြစ်သည်။ နိုင်ငံအကျိုး၊ ဒေသအကျိုးကို မျှော်မှန်းကာ အပြုလုပ်ရပ်များကို စည်းစည်းလုံးလုံး၊ တက်ညီလက်ညီ ဆောင်ရွက်ကြလျှင် မိမိတို့နိုင်ငံမှာ မကြာမီကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ နိုင်ငံနှင့် ပြည်သူ့အကျိုးဖော်ဆောင်နိုင်ကြပါစေကြောင်း။ ။