Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၈

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန် ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေး ပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာ တစ်စု တစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်း လူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီး စေတနာကိုအရင်းခံ၍ တည်ထောင်ဖွင့်လှစ်ဆောင် ရွက်နေကြသော ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် နိုင်ငံတော်အနေဖြင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ၊ ရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန် များနှင့်အညီ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာ သုံးခုနှင့် ဘိုးဘွား ရိပ်သာသုံးခု စုစုပေါင်း ဂေဟာ၊ ရိပ်သာ ၁၇ ခုနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၀ တို့ အတွက် ထောက်ပံ့ကြေးငွေကျပ် ၂၉၇ ဒသမ ၈၆၇ သန်း၊ တိုက်ပွဲရှောင်ပြည်သူ ၁၁၀၃၆ ဦးအတွက် နိုင်ငံတော်က ထောက်ပံ့ငွေကျပ်သန်း ၆၆၂ ဒသမ ၁၆၀ နှင့် အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၄၇၅၉ ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် သန်း ၂၈၄ ဒသမ ၄၀၀ ကို နေပြည်တော်ကောင်စီဝင်များ ထံပေးအပ်ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။

ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသူ ၄၇၅၉ ဦး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက စောင့်ရှောက်ထားသူ ၂၇၀၄ ဦးနှင့် တိုက်ပွဲ ရှောင်ပြည်သူ ၁၁၀၃၆ ဦး စုစုပေါင်း ၁၈၄၉၉ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၁၂၄၄ ဒသမ ၄၂၇ သန်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်