နီဇော်သစ်
၂၁ ရာစု၏ ဒုတိယဆယ်စုနှစ်သည် မိုက်ခရိုကွန်ထရိုလာနည်းပညာ တစ်ဟုန်ထိုးတိုးတက်မှု အမြင့်ဆုံးကာလဟုဆိုနိုင်သည်။ ထရန်စစ္စတာဂိတ်အရွယ်အစားသည် ၃၂ နာနိုမီတာမှ ခုနစ်နာနိုမီတာအထိ ကျဆင်းသွားသည်။ အရေအတွက်အားဖြင့်ပြောရလျှင် ၂၀၁၁ ခုနှစ်ထုတ် အင်တဲလ်ဆန်ဒီဘရစ်ဂျ် စီပီယူ၌ ထရန်စစ္စတာလုံးရေ ၁ ဒသမ ၁၆ ဘီလီယံ ပါဝင်ရာမှ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထွက်လာသော အက်ပဲလ် အေ-၁၃ အက်စ်အိုစီ ပရိုဆက်ဆာ၌ ထရန်စစ္စတာလုံးရေ ၈ ဒသမ ၅ ဘီလီယံ ပါဝင်လာသည်အထိ မြင့်တက်သွားခြင်းဖြစ်သည်။ ထိုသို့ချစ်ပ်များ အားကောင်းလာခြင်းနှင့်အတူ သက်ဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကြောင့် ထိုဆယ်စုနှစ်အတွင်း အလွယ်တကူသယ်ဆောင်နိုင်ပြီး အစွမ်းထက်သည့် ဘက်စုံသုံးကိရိယာများကို ပေါ်ထွက်လာစေသည်။ မိုဘိုင်း၊ ကလောက်၊ အေအိုင် စသော နည်းပညာများကို ဖွံ့ဖြိုးတိုးတက်လာစေသည်။
ပါဝါပြန်လည်ဖြန့်ဝေမှုရှုထောင့်မှကြည့်လျှင် ကွန်ပျူတာအတွက်အချက် နည်းပညာသည် လူတိုင်း၏ လက်ထဲသို့ စမတ်ဖုန်းများအဖြစ်ရောက်လာသည်။ လူတိုင်းနီးပါးစမတ်ဖုန်းကိုင်ကြသော်လည်း ထိုစမတ်ဖုန်းထဲတွင်ပါဝင်သည့် အားကောင်းသော ချစ်ပ်များ၏အစွမ်းကို အစွမ်းကုန်ထုတ်သုံးသူများမှာ ဂိမ်းသမားများသာရှိသည်ဟု ဆိုနိုင်သည်။ မိုဘိုင်းဆက်သွယ်ရေး၊ အင်တာနက်ဆက်သွယ်ရေး၊ ဝက်ဘ်အခြေပြုအက်ပ်များ၊ လူမှုကွန်ရက်များ စသည့် အသုံးတို့မှာ ချစ်ပ်များအတွင်း ဝန်လေးစေခြင်းမျိုးမရှိတော့။ သွားလေရာလာလေရာ အင်တာနက်ဖြင့် ချိတ်ဆက်နိုင်စွမ်းရှိခြင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်ကတည်းက ရပြီးသားဖြစ်ရာပို၍ထူးလာခြင်းမရှိ။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်ချင်းစီအားဖြင့်ကြည့်လျှင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းချစ်ပ်တို့ အားကောင်းလာမှုသည် သိပ်ထူးထူးခြားခြား တိုးတက်လာခြင်းမရှိဟု ဆိုရမည်။
သို့သော် ကော်ပိုရိတ်လုပ်ငန်းကြီးများအတွက်မူ အလွန်ထူးခြားသောတိုးတက်မှုများ ဖြစ်လာစေသည်။ အထူးသဖြင့် အေအိုင်နည်းပညာအခြေခံများ တိုးတက်လာခြင်းဖြစ်သည်။ ဂျီပီယူများက စက်လေ့ကျင့်သင်ယူမှုတာဝန်ကို ဝင်ယူပေးနိုင်ကြောင်း သိသွားပြီးချိန်တွင် အေအိုင်နည်းပညာတို့ တစ်ဟုန်ထိုးမြင့်တက်ဖို့ လမ်းကြောင်းပေါ် ရောက်လာသည်။ အက်ပဲလ်၏ အေစီးရီးချစ်ပ်များ အက်စ်အိုစီပီပီ ပြင်ပြင်ဖြစ်လာသည်။ အင်န်ဗီးဒီးယား၏ ဂျီပီယူများသည် အေအိုင်နှင့် ဂိမ်းများကို အဆင့်မြှင့်တင်ပေးသည်။ အလားတူ မိုဘိုင်းချစ်ပ်လုပ်ငန်းများ ကြီးထွားလာကြသည်။ ကလောက်ပလက်ဖောင်းကို အခြေပြုပြီး အမေဇုန်၊ ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်တို့ ပိုမိုကြီးထွားလာပြန်သည်။ တစ်ဖက်တွင် ကွန်ပျူတာများကို အဓိကထုတ်လုပ်သော ဒဲလ်တို့၊ အိပ်ချ်ပီတို့လို လုပ်ငန်းကြီးများမှာ အမြင့်စားလက်ပ်တော့များကို ယခင်ကလောက်ဈေးမကြီးဘဲ ထုတ်လုပ်လာသော်လည်း မိုဘိုင်းကိရိယာများကို ဈေးကွက်ခွဲပေးလိုက်ရပြီဖြစ် ၍ ဆုံးရှုံးမှုအချို့ရှိလာသည်။
လုပ်သားလောကဘက်ကိုကြည့်လျှင် မိုဘိုင်းအက်ပ်ရေးသည့် လုပ်ငန်းတာဝန်များ နေရာရလာသည်။ ကလောက်ဗိသုကာများနှင့် အေအိုင်အင်ဂျင် နီယာအလုပ်များပေါ်ထွက်လာသည်။ ဆော့ဖ်ဝဲရေးရာတွင် ယခင်ကပီစီများအတွက် ဗဟိုချက်ပြုရေးခဲ့ရာမှ မိုဘိုင်းနှင့်ကလောက်ဂေဟစနစ်များကို ဗဟိုပြုပြီး ရေးလာရသည်။ ဝက်ဘ်အခြေပြု အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်လုပ်ကိုင်နိုင်သည့် ဆော့ဖ်ဝဲမျိုးမဟုတ်လျှင် အရာမဝင်တော့သည့် သဘောမျိုးဖြစ်လာခြင်းပင်။ ထို့ကြောင့် ထုံးတမ်းစဉ်လာ အိုင်တီအလုပ်အကိုင်နေရာများ ကျဆင်းလာပြီး မိုဘိုင်း၊ ကလောက်တို့နှင့် ချိတ်ဆက်လုပ်ကိုင်ရသည့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာသည်။
တိုင်းပြည်နိုင်ငံများဘက်ကိုကြည့်လျှင် အမေရိကန်ပြည်ထောင်စုသည် အင်တဲလ်၊ အင်န်ဗီး ဒီးယား၊ အက်ပဲလ်တို့၏ ကျေးဇူးဖြင့် ချစ်ပ်ဒီဇိုင်းပိုင်း၌ ဆက်လက်ဦးဆောင်သည်။ ကလောက်နည်းပညာပိုင်းတွင် အေဒဗလျူအက်စ်တို့၊ ဂူဂဲလ်တို့ဖြင့် ဦးဆောင်သည်။ ထိုင်ဝမ်၏ တီအက်စ်အမ်စီသည် ထရန်စစ္စတာဂိတ်များကို ၁၆ နာနိုမီတာမှ ခုနစ်နာနို မီတာအထိလျှော့ချပြီး မန်မိုရီမဟုတ်သော ချစ်ပ်ထုတ်လုပ်ရေးလောကကို ဦးဆောင်သည်။ မန်မိုရီချစ်ပ်များထုတ်လုပ်မှုကို တောင်ကိုရီးယားလုပ်ငန်း ဆမ်ဆောင်းကဦးဆောင်ထားသည်။ ထို့ကြောင့် အမေရိကန်-အရှေ့အာရှ ပြိုင်ဆိုင်မှုမှာ နဂိုအတိုင်း ဆက်ရှိသည်ဟုဆိုနိုင်သည်။ သို့သော် ထိပ်ဆုံးသို့မရောက်သေးသော်လည်း အင်အားကြီးမားသည့် တရုတ်နိုင်ငံ၏ တိုးတက်မှုက ထိုကာလအတွင်းထည့်မပြော၍မရသောကိစ္စဖြစ်သည်။
တရုတ်နိုင်ငံသည် ‘၂၀၂၅ တရုတ်ပြည်တွင် ထုတ်လုပ်သည်’ဆိုသည့် ရည်မှန်းချက်ဖြင့် ၂၁ ရာစု နှစ်၏ ဒုတိယဆယ်စုနှစ်အတွင်း နည်းပညာပိုင်းတွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံလာသည်။ ပြည်တွင်းချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် အက်စ်အမ်အိုင်စီကို ရန်ပုံငွေများစွာထည့်သွင်းပေးသည်။ အခြားနိုင်ငံများလိုမဟုတ်ဘဲ အစိုးရပိုင်လုပ်ငန်းများသာဖြစ်ရာ အစိုးရ၏ အပြည့်အဝပံ့ပိုးမှုဖြင့် လုပ်ငန်းတိုးတက်မှုမှာ မြန်ဆန်ခဲ့သည်ဟု ဆိုနိုင်သည်။ အမေရိကန်၏ ပိတ်ပင်တားဆီးမှုများသာမရှိခဲ့လျှင် တရုတ်နည်းပညာဖွံ့ဖြိုးတိုးတက်မှုမှာ ယခုထက်ပိုမိုအားကောင်းနေလိမ့်မည်။ ထိုပိတ်ပင်မှုများကြောင့် ၁၄ နာနိုမီတာအောက် နည်းပညာလုပ်ငန်းစဉ်များအထိ တိုးတက်အောင်လုပ်နိုင်စွမ်းမရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံ၏ ဘက်စုံတိုးတက်မှုက အလေးထားရမည့်အနေအထားတွင် ရှိနေသည်။ အမေရိကန်ပြည်ထောင်စုက ဒီဇိုင်းပိုင်း၊ တောင်ကိုရီးယားက မန်မိုရီပိုင်း၊ ထိုင်ဝမ်က မန်မိုရီ မဟုတ်သော ချစ်ပ်အပိုင်းဆိုပြီး သူ့အပိုင်းနှင့်သူ ကမ္ဘာတွင် ဦးဆောင်နေချိန်၌ လူဦးရေရော စီးပွားရေးအင်အားပါကြီးမားသည့် တရုတ်နိုင်ငံက ထိုလုပ်ငန်းကဏ္ဍတိုင်းတွင် ဝင်တိုးလာခြင်းဖြစ်သည်။ အမေရိကန်ဆိုလျှင် အမေရိကန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်လေးပွင့်ဆိုင်အဖွဲ့အဖြစ် ထိုလုပ်ငန်းများအားလုံး သူ့တိုင်းပြည်ထဲသို့ ဆွဲခေါ်နိုင်ရန် လုပ်ဆောင်လာသည်အထိ တရုတ်၏ ပြိုင်ဆိုင်မှုကို တုံ့ပြန်လာခဲ့သည်။ အမြင့်ဆုံးနည်းပညာများ ရမထားသော်လည်း တရုတ်လုပ်ငန်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ပြည်တွင်းစားသုံးမှုအင်အားကပင်လျှင် သက်ဆိုင်ရာလုပ်ငန်းတစ်ခုချင်းစီကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာ၍ပင်။ ၂၈-၁၄ နာနိုမီတာ အဝန်းအဝိုင်းထဲမှာပင် အေအိုင်ဦးတည် သောချစ်ပ်များကို ထုတ်လုပ်နိုင်သည်ကလည်း အရေးပါသောအချက်တစ်ခုဖြစ်သည်။
ယခုဆိုလျှင် ကျွန်တော်တို့သည် ၂၁ ရာစု တတိယ ဆယ်စုနှစ်၏တစ်ဝက်ကို ရောက်နေပြီဖြစ်သည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း မိုက်ခရိုကွန်ထရိုလာ နည်းပညာပြိုင်ဆိုင်မှုများမှာ ယခင်မည်သည့်အချိန် ကနှင့်မျှမတူသည့် ပြိုင်ဆိုင်မှုမျိုးဟုဆိုလျှင် လွန်မည်မထင်။ ထိုငါးနှစ်အတွင်း လူတိုင်းလက်ထဲသို့ အေအိုင် နည်းပညာရောက်လာသည်။ တစ်ဦးတစ်ယောက် ချင်းစီလက်ထဲသို့ ရောက်လာခြင်းဖြစ်၍ ပါဝါပျံ့နှံ့မှု ပိုများလာသည်ဟု ထင်စရာရှိသော်လည်း တကယ်တမ်းတွင် ကော်ပိုရေးရှင်းကြီးများ၏ အေအိုင်ဂေဟ စနစ်ကို မှီခိုလာကြရခြင်းဖြစ်သောကြောင့် ဗဟိုချက်တွင် ပြန်စုလာခြင်းလည်းဖြစ်သည်။ တရုတ်နိုင်ငံလို ဗဟိုချုပ်ကိုင်သည့်နိုင်ငံမဆိုထားနှင့် အမေရိကန်ပြည်ထောင်စုတို့၊ ဗြိတိန်တို့လို ဒီမိုကရေစီနိုင်ငံကြီး များမှာပင် လူတစ်ဦးတစ်ယောက်ချင်းစီကို စောင့်ကြည့်ထိန်းချုပ်မှုက ကြီးကြီးမားမား အားကောင်းလာသည်။ ထိုနိုင်ငံကြီးများတွင်တော့ အစိုးရများကမဟုတ်ဘဲ ကော်ပိုရေးရှင်းကြီးများ၏ စီးပွားရေးဦးတည်သည့် စောင့်ကြည့်မှုများကို ခံနေရခြင်းဖြစ်သည်။ တိုင်းပြည်ချင်း အားပြိုင်မှုမှာလည်း နည်းပညာပထဝီနိုင်ငံရေးဟု ခေါ်ရလောက်အောင်ပင် တင်းမာလာသည်။ အမေရိကန်ဆိုလျှင် တရုတ်၏ ပြိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ ချစ်ပ်အက်ဥပဒေကိုထုတ်ပြန်ပြီး ချစ်ပ်ထုတ်လုပ်သည့် လုပ်ငန်းများအားလုံးကို တိုင်းပြည်ထဲသို့ ပြန်ဆွဲသွင်းခဲ့သည်။ ထိုအကြောင်းများကို နောက်တစ်ပတ်တွင် သေသေချာချာ ဆက်လက်ဆွေးနွေးသွားပါမည်။