Skip to main content

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှ တိုက်ဖျက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို ထင်ဟပ်ဖော်ပြသော ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် အဖျက်လုပ်ရပ်များ လုပ်ဆောင်လာနိုင်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အဆင့်လိုက် ကျင်းပပြုလုပ်ပေးမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များကိုလည်း သတ်မှတ်ကြေညာပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး လမ်းညွှန်မှာကြားထားသည်။

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲသမိုင်း၌ ရွေးကောက်ပွဲကို ထိခိုက်ပျက်စီးစေရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်မှုများ အနည်းနှင့် အများဆိုသလို ရှိခဲ့သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပထဝီနိုင်ငံရေးနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများအရ ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲအပေါ် နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်မှုများရှိလာမည်မှာ သေချာသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင် လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပျက်ပြားစေရန် ကျူးလွန်သူတို့ကို ဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ဦးစွာ အွန်လိုင်းမီဒီယာများပေါ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နှောင့်ယှက်ရေးသားဖြန့်ဝေသူတို့ကို စိစစ်ဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၂ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု သုံးမှုရှိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား အွန်လိုင်းမီဒီယာများအသုံးပြု၍ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် တပ်မတော်၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းလက်တွဲကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်သတင်းရယူခြင်း၊ တုံ့ပြန်အရေးယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲကာလအတွင်း၌ မဲဆန္ဒရှင်ကိုဖြစ်စေ၊ မဲရုံတာဝန်ရှိသူကိုဖြစ်စေ၊ ပါတီနှင့်ကိုယ်စားလှယ်များကိုဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာဖြင့်ရေးသားဖြန့်ဝေခြင်းနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထိခိုက်စေရန် ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ မိမိအလိုအလျောက်နာကျင်စေခြင်း၊ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်းစသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်မိစေရန်လိုမည်ဖြစ်သည်။ ထို့ပြင် ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင် ပြုလုပ်ခြင်းတို့ မပြုလုပ်မိရန်လိုမည်ဖြစ်သည်။ ပြုလုပ်မိပါက ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော အွန်လိုင်းမီဒီယာအသုံးပြု၍ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများနှင့် နှောင့်ယှက်ဖျက်ဆီး ထိခိုက်မှုစသည့် ကျူးလွန်သူများအားလုံးအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့််တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ကို သတိချပ်ကြရမည်ဖြစ်ပါကြောင်း။ ။