နေပြည်တော် စက်တင်ဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း၌ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်ဦးစီးပဓာန နယကဆရာတော် ဘဒ္ဒန္တသုမနအမှူးပြုသော ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားနားယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်အတွက် ရဟန်းနှင့် သီလရှင်များ၊ တရားစခန်းဝင်ယောဂီများအပါအဝင် အင်အား ၄၅၀ အတွက် တစ်နေ့တာကုန်ကျစရိတ် ဆွမ်းအလှူငွေများကို ကျောင်းတိုက်မှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးဝင်းအတွင်း၌ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ပြားရရှိ ပြီးသူများအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရုံးပစ္စည်းများ၊ စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုအခြေအနေကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မိမိတို့ဌာနဝန်ထမ်းများ စုပေါင်းကာ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းများ စိစစ်အတည်ပြုခြင်းနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့နယ်ဦးစီးမှူးရုံး၌ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီး သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ရုံးအတွင်း ရုံးလက်ခံ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပါ အချက်အလက်များအား ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် Online စနစ်ဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင်အတည်ပြုခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး မြောင်းမြခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးတို့အတွက် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား မြောင်းမြမြို့ နယ်မြေခံတပ်နယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ဒီဇင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မကြာမီတင်သွင်းလာမည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းကိုလည်း သတ်မှတ်ချိန်အမီ စိစစ်ပြန်ကြားနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်