နေပြည်တော် စက်တင်ဘာ ၁
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆွေးနွေးမှာကြား
ထို့နောက် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ရှိ ခြံစည်းရိုးနှင့် ရေမြောင်းတည်ဆောက်နေမှု၊ ဘောလုံးကွင်းနှင့် ပင်မသုံးထပ်စာသင်ဆောင် သစ်တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ဗိသုကာဌာနဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်းကောင်း၊ ဘောလုံးကွင်းနှင့် တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ Polytechnic university (MAUBIN) ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့်ပညာရေးကို သင်ကြားပို့ချပေးရန်၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များဆောင်ရွက်နိုင်သည့် အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် Polytechnic University (MAUBIN) Faculty of Computing ရှိ ကျောင်းသား ကျောင်းသူ များ၏ သုတေသနပရောဂျက်များ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်