ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ဩဂုတ်လ ၃၁ ရက်နေ့ကကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲတွင် ယာယီသမ္မတက မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့်နိုင်ငံဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံများတည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့သည် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ဘက်စုံလွှမ်းခြုံသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာကို နှစ်နိုင်ငံအကြားစတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏတို့သည် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိသည့်အနက် တရုတ်နိုင်ငံသည် အဆင့် ၂ နေရာတွင်တည်ရှိသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုခိုင်မာအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံနှင့်နှမ်းစသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံ အချောထည်ကုန်ပစ္စည်းများကို အဓိကတင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် တန်ဖိုးမြင့်သစ်အခြေခံထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်ဆန္ဒရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေသည်။ နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက် အကူပြုလျက်ရှိသည်။
တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးနှင့်ကျန်းမာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် မူဆယ်-မန္တလေး မီးရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မန္တလေး-မူဆယ် မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်သည်။
တရုတ်နိုင်ငံတွင် ဆောက်လုပ်လျက်ရှိသည့် ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။ မူဆယ်မြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးအပါဆုံး နယ်စပ်ဂိတ်တည်ရှိရာမြို့ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၂၀၀ ကျော်ရှိသည့်အနက် သန်း ၂၀၀၀ ကျော်သည် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်မှ ကုန်စည်စီးဆင်းမှုဖြင့် ရရှိခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါမီးရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းဖြစ်သည်။
သို့ဖြစ်ရာ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းလက်တွဲဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသော စီမံကိန်းများအောင်မြင်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံစီးပွားရေး နှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ အလျင်အမြန်အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း။ ။