ရန်ကုန် ဩဂုတ် ၃၁
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးစွဲမှုအား အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးအတွက် အဓိကတာဝန်ရှိသည့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွက်လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ဖြန့်ဖြူးရောင်းချခြင်းအပြင် ပြည်တွင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြန့်ဖြူးပေးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (Compressed Natural Gas–CNG) ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မိမိတို့နိုင်ငံ၌ လက်ရှိတွင် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် ၈ ရာခိုင်နှုန်းကို စက်မှု/ကုန် ထုတ်လုပ်မှုကဏ္ဍတို့တွင် အသုံးပြုနေပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ၇ ရာခိုင်နှုန်းခန့် သုံးစွဲလျက်ရှိပါကြောင်း၊ မော်တော်ယာဉ်များတွင် CNG သုံးစွဲခြင်းသည် ဓာတ်ဆီ၊ ဒီဇယ်ဆီများ သုံးစွဲခြင်းထက်ကုန်ကျစရိတ်များစွာသက်သာပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသောကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံးစွဲမှုကို မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ ခရီးသွားလာရာတွင် ဈေးနှုန်းသက်သာစေရန် CNG ကို YBS ယာဉ်များနှင့် အငှားယာဉ် (Taxi) များအား ဦးစားပေး၍ အထူးသက်သာသော ဈေးနှုန်းဖြင့် စိုက်ထုတ်ရောင်းချပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သာကေတကမ်းလွန်ရေနံအခြေစိုက်စခန်း အထွေထွေမန်နေဂျာက ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပစ္စည်းများ ထိန်းသိမ်းဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန အထွေထွေမန်နေဂျာက မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များအား ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး (ထုတ်လုပ်ရေး) က သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုံးမှုလျော့နည်း သက်သာစေရေးသဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်းများမှ Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အသုံးချသုတေသနဌာန (ထောက်ကြန့်) မှ သုတေသနအရာရှိချုပ်က ဓာတ်ခွဲခန်းများနှင့် စက်ပစ္စည်းများအဆင့် မြှင့်တင်ရေးအစီအစဉ်များကိုလည်းကောင်း၊ အမှတ် (၂) နှင့် အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) စက်ရုံမှူးများက ရေနံဓာတ်ငွေ့ရည် (ပရိုပိန်း၊ ဗြူတိန်း) နှင့် နက်ဖ်သာထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်