Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များနှင့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၇

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏရှိ ပိုက်ကျော်ခြင်းအားကစားရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသာ ပဏာမလက်ရွေးစင် Kabaddi အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှုစစ်ဆေးပြီး စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရန် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုရှိစေရန်၊ ယုံကြည်မှုစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားကစားကြရန် မှာကြားသည်။

ထို့နောက် Sports Hotel ၌ AFC Women’s Championship League ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့်တွေ့ဆုံ၍ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် အောင်မြင်မှုများရရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း ဆက်လက်အောင်မြင်မှုများရရှိအောင် ကြိုးစားကြရန်မှာကြားပြီး အားကစားသမားများ နေ့လယ်စာစားသုံးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာလေ့ကျင့်ရေးခန်းမသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင်ဘိလိယက်နှင့် စနူကာအားကစားသမားများ လက်ရည်စမ်းယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး၍ ဆုများချီးမြှင့်သည်။

ညနေပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံဘောလုံးကွင်း(၁)၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော တာတို/တာလတ် အပြေး၊ မာရသွန်၊ လမ်းလျှောက်၊ လှံတံပစ်၊ သံပြားပစ်၊ သံလုံးပစ်ပဏာမ လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူးက စခန်းသွင်းလေ့ကျင့်နေမှု၊ စံချိန်စံနှုန်းရရှိမှု၊ အောင်မြင်မှုရရှိနိုင်မည့်အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ နပန်းအားကစားလေ့ကျင့်ရေးရုံသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင် နပန်းအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံခြားနည်းပြငှားရမ်းလေ့ကျင့်နိုင်ရေး၊ ဒိုင်၊ နည်းပြသင်တန်းဖွင့်လှစ်ရေး မှာကြားသည်။

သတင်းစဉ်