နေပြည်တော် ဩဂုတ် ၂၇
တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ မိသားစုဝင်မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဖူးမြော်ကြည်ညိုလေ့လာကြသည်။ ထိုမှတစ်ဆင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏အသက်ကိုပင်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြ၍ အမွန်မြတ်ဆုံးတုနှိုင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်း တစ်ဦးစီကို မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိရာ အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်ဂါရဝပြု အလေးပြုကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်