နေပြည်တော် ဩဂုတ် ၂၇
မိုးရွာသွန်းမှုများပြား၍ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ မကျည်းပင်ကျေးရွာ၌ ရေကြီးရေလျှံဖြစ်ပွားမှုအခြေအနေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် သောက်သုံးရေသန့်၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ပြီး တွေ့ဆုံအားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် မကျည်းပင်ကျေးရွာ အနော်ရထာရပ်ကွက် နဝင်းချောင်းတံတားနှင့် ကင်းသာ တံတားရေစီးဆင်းမှုအခြေအနေကို ကြည့်ရှုသည်။
ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအစီအမံများကို ပိုမိုဂရုပြုထည့်သွင်းဆောင်ရွက်ရန် ကမ္တာ့နိုင်ငံအားလုံးက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြသည်ဖြစ်ရာ မိမိတို့နိုင်ငံတွင် အလားတူလိုက်ပါ ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်ရှိသည်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်အုပ်စု ကြို့တန်း၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတို့တွင် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရွှေတောင်တန်းတောရ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ ပြည်သူများ ရွှေ့ပြောင်းနေထိုင်ရန်ပြင်ဆင်နေမှု၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်နေမှုတို့ကိုကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆုများ (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ပေးအပ်ပွဲသို့ တက်ရောက်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံနိုင်ငံများနှင့် Video Conference စနစ်ဖြင့် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ နေပြည်တော် M-Gallery Hotel ၌ ကျင်းပလျက်ရှိပြီး ယနေ့တွင် တတိယအကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုများ (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ကို ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါဆုသည် အာဆီယံနိုင်ငံများရှိ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအရေးဆောင်ရွက်နေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍရှိ အဖွဲ့အစည်းများကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ Online ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှအဖွဲ့အစည်းများက လူကိုယ်တိုင်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
ဆုပေးပွဲတွင် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမှ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ယနေ့ကျင်းပသည့် (၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုများကို အာဆီယံနိုင်ငံရှစ်နိုင်ငံမှ အဖွဲ့အစည်း ၁၆ ခုအား ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှ AGE Myanmar နှင့် Myanmar Creative University - Myanmar Creative International College (MCU-MCI) တို့က ရရှိကြကြောင်း သိရသည်။
သတင်းစဉ်