နေပြည်တော် ဩဂုတ် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်ပေးခဲ့သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်လျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်အထိ သုံးနှစ်ရှိပြီဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်သည့်အခါတွင်လည်း လိုအပ်သည့်နည်းပညာပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးခြင်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ ၁၉၆ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်၍ အသေးစားကုန်ထုတ်လုပ်ငန်းရှင် ၉၈၀ ပေါ်ထွက် လာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှလည်း အသေးစားလုပ်ငန်းများကို မှတ်ပုံတင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးရွာများမှ အသေးစားလုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိမှသာ လုပ်ငန်းရှင်များလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင်မြင်မှုရှိအောင် အမြဲတမ်းတီထွင်ကြံဆဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုယ်ပိုင်လုပ်ငန်းထူထောင်ဆောင်ရွက်လျက်ရှိသော အပ်ချုပ်ဆိုင်လုပ်ငန်းရှင်များ ချုပ်လုပ်ထားသောဝတ်စုံများ၊ သံဂဟေဆက်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ လူသုံးကုန်ထုတ်လုပ်ခြင်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကိုပြုလုပ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းရှင်များက ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်