Skip to main content

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်အကြောင်း သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၇

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အကြောင်း သိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပလျက်ရှိသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်သည် အချုပ်အခြာအာဏာကို ကိုယ်စားပြုကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အတွက် နယ်နိမိတ်ကို ကောင်းမွန်စွာနှင့် ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ အများပြည်သူများ၏ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နယ်နိမိတ်ကို စနစ်တကျစီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား အသိပညာဖလှယ်ရန်၊ ဌာနအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်၊ နယ်နိမိတ်ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ကောင်းမွန်သောနည်းလမ်းများနှင့် အကြံဉာဏ်များဖော်ထုတ်နိုင်ရန်နှင့် နယ်နိမိတ်ဆိုင်ရာ မူဝါဒများချမှတ်ရာတွင် တိကျမှန်ကန်ပြီး နိုင်ငံတော်အကျိုးစီးပွားကို အထောက်ပံ့ဖြစ်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ နယ်နိမိတ်ရေးရာကိစ္စရပ်များအား တာဝန်ယူဆောင်ရွက်နေကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့အပါအဝင် အခြားဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် အိမ်နီးချင်းနိုင်ငံများ၌ အခြေစိုက်သည့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

ယနေ့ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ကုန်းပိုင်းနယ်နိမိတ်နှင့်ပတ်သက်၍ အဓိကဆွေးနွေးကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၏ ရေတပ်ပင်မတိုင်းတာရေးတပ်၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြေတိုင်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကာ မြန်မာသံရုံး၊ ကူဝိတ်မှသံအမတ်ကြီးနှင့် သံမှူးကြီး၊ မြန်မာသံရုံး၊ ပရီတိုးရီးယားမှ သံအမတ်/သံရုံးယာယီတာဝန်ခံတို့က ဘာသာရပ်ကျွမ်းကျင်သူများအဖြစ် Online မှ ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲဒုတိယနေ့တွင် မြန်မာနိုင်ငံ၏ ပင်လယ်နယ်နိမိတ်နှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၏ ရေတပ်ပင်မတိုင်းတာရေးတပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည့်အပြင် မြန်မာသံရုံး၊ စင်ကာပူမှ သံအမတ်/သံရုံးယာယီ တာဝန်ခံကဘာသာရပ်ကျွမ်းကျင်သူအဖြစ် Online မှ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်