နေပြည်တော် အောက်တိုဘာ ၂၉
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေးကြမည့်သူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင် ဆန္ဒမဲများ ပေးကြသည်။
မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၊ တာဝန်အရမဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒရှင် (နိုင်ငံ့ ဝန်ထမ်း)များ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ လာရောက်နိုင်ခြင်းမရှိသော မဲဆန္ဒရှင်များ၊ အသက်(၆၀)နှစ်နှင့် အထက် ရှိသူများသည် ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇဗ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးကြသည်။
ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများကို မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန်ထမ်းဆောင် သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင် ပေးခြင်း၊ နှာခေါင်းစည် ထုတ်ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေး ခြင်း၊ ဆန္ဒမဲပေးပြီး ကြောင်း လက်မှတ်ထိုးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အချိန်ကြန့်ကြာမှု မရှိစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်း ညွှန်ချက်များနှင့် အညီ မဲပေးနိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြသည်။
ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသည့် အသက် (၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များကို နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ဆောင် ရွက်ပေးလျက်ရှိပြီး အသက်(၆၀) နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ပြည့် နှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင် ကြောင်း သိရသည်။
မျိုးသွင်ကျော်