Skip to main content

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွား

နေပြည်တော် ဩဂုတ် ၂၇

လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများပေါ်၌ ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိပါသည်။

အဆိုပါ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းမှ ဩဂုတ်လ ၂၉ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၆ ရက်ညပိုင်းနှင့် ယနေ့နေ့လယ်ပိုင်းထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းကားလမ်းမှပေါ်နှင့် ပျဉ်းမနားမြို့နယ်၊ ကြို့တန်းကျေးရွာ၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတို့၌ ရေကြီးရေလျှံမှုများ၊ ရေကျော်မှုများဖြစ်ပွားလျက်ရှိသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ပတ်သက်ပြီး ပြည်သူများသွားလာမှု အခက်အခဲ မရှိစေရန်အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းသားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများဘေးအန္တရာယ်မရှိစေရန်နှင့် သွားလာမှုအဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေဝင်ရောက်လျက်ရှိသည့်နေရာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။