နေပြည်တော် ဩဂုတ် ၂၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာသူရှာရာဖာနန်ဒိုအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် WHO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ၊ ပိုလီယိုရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ အမျိုးသမီးငယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး WHO မှ ကူညီပံ့ပိုးပေးလျက်ရှိသည့် ကိစ္စရပ်များနှင့် WHO အဖွဲ့မှ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် နည်းပညာပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ WHO ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်