ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့်တံဆိပ် (Logo) ကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန် သက်ဆိုင်ရာဌာနက အသိပေးကြေညာ ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါအသိပေးကြေညာချက်တွင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ဆက်သွယ်တောင်းခံခြင်းအစရှိသည့် ထူးခြားဖြစ်စဉ်များ ကြုံတွေ့ရပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ရန် တယ်လီဖုန်းနံပါတ်များကိုလည်း ဖော်ပြထားသည်။
အများပြည်သူတို့၏ နေ့စဉ်လူမှုဘဝတွင် အင်တာနက်အွန်လိုင်းသုံးစွဲမှု များပြားလာသည်နှင့်အမျှ ဆိုက်ဘာနယ်ပယ်သည်လည်း ဒုစရိုက်သမားတို့၏ စားကျက်အသစ်တစ်ခု ဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အွန်လိုင်းပေါ်၌ ပြစ်မှုကျူးလွန်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ရာ မိမိတို့နိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာအရ အွန်လိုင်းလိမ်လည်မှုအများဆုံး ကျူးလွန်သည့်ပုံစံ (၅) မျိုးမှာ (၁) Application များ၊ Website အတုများ အသုံးပြု၍ သတင်း အချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud)။ (၂) ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း (Social Media and Telecommunication Fraud)။ (၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud)။ (၄) အရောင်းအဝယ် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading/ Trading Platform Fraud)။ (၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်သည်ဟု သိရသည်။
ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝန်ထမ်းအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ Viber မှတစ်ဆင့် ဆက်သွယ်လိမ်လည်ခဲ့သည့်ဖြစ်စဉ်မှာ အထက်တွင်ဖော်ပြထားသည့် အွန်လိုင်းလိမ်လည်မှုပုံစံ (၅) မျိုးအနက်မှ အမှတ်စဉ် (၂) ဖြစ်သော ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင် ဆောင်၍ လိမ်လည်သည့် အမျိုးအစားမျိုးပင်ဖြစ်သည်။ အခွန် ဆောင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင်၏ Viber နံပါတ်သို့ အွန်လိုင်းလိမ်လည်သူက ကနဦးဆက်သွယ်အကြောင်းကြားခြင်း၊ ၎င်းနောက်တွင် ဖုန်းခေါ်ဆို၍ Viber မှတစ်ဆင့်ပေးပို့ထားသည့် အချက်အလက်များ မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရန်ဟု ပြောကြားကာ Link တစ်ခုပေးပြီး အဆိုပါ Link ထဲသို့ ဝင်ရောက်စစ်ဆေးပေးရန်ညွှန်ကြား၍ Link ထဲသို့ ဝင်စေခြင်းစသည်ဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်ကို တိုက်ရိုက်တောင်းယူခြင်းမဟုတ်ဘဲ သွယ်ဝိုက်၍ ရယူခြင်းဖြစ်သည်။ ယခင်က K-Pay ၊ Wave-Pay ကဲ့သို့သော မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်း၊ ဘဏ်ဝန်ထမ်းကဲ့သို့ ဟန်ဆောင်ပြီး လိမ်လည်ခဲ့ကြရာမှ ယခုနောက်တစ်ဖန် ဌာနဆိုင်ရာရုံးတံဆိပ်ကိုသုံးစွဲ၍ ဝန်ထမ်းအယောင်ဆောင် လိမ်လည်လာကြခြင်းဖြစ်သည်။ အခွန်ဆောင်ပြည်သူများကို အဓိကပစ်မှတ်ထား လိမ်လည်လာကြခြင်းလည်းဖြစ်သည်။ နောင်တွင်လည်း အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှုများ ပုံစံအမျိုးမျိုးနှင့် ပြုလုပ်လာကြဦးမည်ဖြစ်ရာ မိမိတို့၏ လျှို့ဝှက်အပ်သော ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထားရှိရန်နှင့် သတိကြီးစွာ ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်မည်ဖြစ်သည်။ မိမိ၏ ကိုယ်ရေးအချက်အလက်နှင့်စပ်လျဉ်း၍ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ဌာနဆိုင်ရာသို့ တိုက်ရိုက်ဆက်သွယ်ကြရန် သတိရှိကြဖို့လိုသည်။
အွန်လိုင်းလိမ်လည်မှုများသည် အထက်တွင်ဖော်ပြခဲ့သော ပုံစံ(၅) မျိုးအနက်မှ တစ်မျိုးမျိုးဖြင့် လိမ်လည်နေကြပြီး တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုများပြားလာနေသည်ဟု ဆိုသည်။ အွန်လိုင်းလိမ်လည်မှုများကြောင့် မြန်မာပြည်သူများအတွင်း နှစ်စဉ်ငွေကျပ်သန်းပေါင်း ၅၀၀၀ နှင့်အထက် ဆုံးရှုံးနေသည်ဟုဆိုရာ လိမ်လည်မှုဘေးမှ ကင်းဝေးစေရေးအတွက် သတိတမန်၊ ဉာဏ်မြေကတုတ်ပြုကာ ဓနဥစ္စာတို့ကို ကောင်းစွာစောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။