နေပြည်တော် ဩဂုတ် ၂၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြှင့်တင်ရေး၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်