Skip to main content

ပျဉ်းမနားမြို့ သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီး၏ တံခွန်တိုင်အသစ် ပြန်လည်တည်ဆောက်ရေး အလှူငွေပေးအပ်

နေပြည်တော် ဩဂုတ် ၂၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ရှိ သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီး၏ တံခွန်တိုင်အသစ် ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီစုစုပေါင်း ၆၅၀၃ ဆူရှိပြီး ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း စုစုပေါင်းကျောင်း ၄၉၃၀ ရှိပါကြောင်း၊ အချိန်ယူ၍ ဤဝန်ကြီးဌာနအနေဖြင့် စာရင်းများပြုစုခဲ့ပြီး စေတနာရှင်ကုသိုလ်ရှင်များ လှူဒါန်းနိုင်ရေးကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း ခုနစ်ရက်သားသမီးများ၏ လှူဒါန်းငွေဖြင့် နေပြည်တော်၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မတ္တရာဒေသများရှိ ဘုရားစေတီပုထိုးများ ပြုပြင်နိုင်ရေးအတွက် လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများ လှူဒါန်းငွေဖြင့် ငလျင်ဒဏ်ကြောင့် နေပြည်တော် ပျဉ်းမနားမြို့ သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီး၏ တံခွန်တိုင်အက်ကွဲယိုယွင်းပျက်စီးခဲ့သဖြင့် တံခွန်တိုင်အသစ်ကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံခွန်တိုင်အလှူငွေကျပ် ၁၈၆၆၀၀၀၀ ကို စေတီတော် ဂေါပကဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်အား ပေးအပ်လှူဒါန်းပြီး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။

ယင်းနောက် သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံးခန်း၌ ငလျင်ဒဏ်ကြောင့် အက်ကွဲယိုယွင်းပျက်စီးခဲ့သည့် သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီးနှင့် တံခွန်တိုင်အသစ်တည်ဆောက်မှုနှင့် ပတ်သက်၍ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ခံနိုင်ရေး ဘုရားစေတီတည်ဆောက်ပြုပြင်ရေးဆိုင်ရာ SOP စံနှုန်းများနှင့်အညီ ပြန်လည်ပြုပြင်တည်ဆောက်သွားရန် မှာကြားပြီး ငလျင်ဒဏ်ကြောင့် အက်ကွဲယိုယွင်းပျက်စီးခဲ့သော သမိုင်းဝင်ဘုရားကိုးဆူစေတီတော်မြတ်ကြီး၏ တံခွန်တိုင်အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်