မြိတ် အောက်တိုဘာ ၂၉
မြိတ်မြို့ ကျောက်ဖျာမြို့သစ်စီမံကိန်းဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာတွင် ပါဝင်သော တောင်သူ (၅)ဦးအား တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဒုတိယအကြိမ် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို ယနေ့ နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် မြေတစ်ဧက ကျပ်သိန်း(၉၀)ဖြင့် မြေ(၁၈.၅) ဧကအတွက် တစ်ထောင့်ခြောက်ရာခြောက်ဆယ်ငါးသိန်းကျပ် ပေးအပ်ခဲ့သည်။
မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြား ရာတွင် “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောက်ဖျာမြို့သစ် စီမံကိန်းဧရိယာ (၅၅၀၃.၅၂)ဧကအနက် အသုံး ပြုရန်မရှိသည့် ပြန်လည်စွန့်လွှတ်မည့်ဧရိယာ (၄၄၁၆.၆၁)ဧကနှင့်ပတ်သက်ပြီး လုပ်ထုံး၊ လုပ်နည်းညွှန်ကြားချက် များနှင့်အညီ ပြန်လည်စွန့်လွှတ်နိုင်ရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ဗဟိုကော်မတီမှ မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ရန်အတွက် စွန့်လွှတ် မည်ဖြစ်ကြောင်း အကြောင်းကြား လာသည့်အတွက် အဆိုပါမြေဧရိယာ (၄၄၁၆.၆၁)ဧကအား မူလတောင်သူများ ထံ ယာယီ(ပုံစံ-၃) ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာမီ တောင်သူများ ထံ ပြန်လည်ပေးအပ်သွား မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် ကျောက်ဖျာမြို့သစ်စီမံကိန်းဧရိယာအတွင်းရှိ အုပ်ချုပ်မှုဇုန်မြေဧရိယာ၌ပါဝင်သော တောင်သူ (၅)ဦးအား မြေလျော်ကြေးနှင့် သီးနှံ နစ်နာကြေးများကို မြေတစ်ဧက ကျပ်သိန်း(၉၀)ဖြင့် မြေ(၁၈.၅)ဧကအတွက် တစ်ထောင့်ခြောက်ရာခြောက်ဆယ်ငါးသိန်းကျပ်ကို မြေဧကများ အလိုက်ကို ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တို့က ပေးအပ်ခဲ့ကြရာ မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးရရှိသည့် တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးမည့် မြေဧရိယာ(၉၂.၆၀၄)ဧကအတွက် လျော် ကြေး၊ နစ်နာကြေးပေးချေရေးကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေများဖြင့် မြေဧရိ ယာ(၄၇.၃၆)ဧကအတွက် လျော်ကြေး၊ နစ်နာကြေးကို ဇူလိုင်လ၌လည်းကောင်း၊ မြေဧရိယာ(၈.၈၉)ဧကအတွက် လျော်ကြေး၊ နစ်နာကြေးကို စက်တင်ဘာလ၌လည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တောင်သူများအား စုစုပေါင်း မြေဧရိယာ(၅၆.၂၅)ဧကအတွက် မြေလျော်ကြေးနှင့် သီးနှံနစ်နာကြေးများကို ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )