နှစ်စဉ် ဩဂုတ်လ၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များတွင် စတုတ္ထပတ်သည် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်ဖြစ်သည်။ အိုင်အိုဒင်းချို့တဲ့ခြင်းသည် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတို့တွင် သက်ရောက်မှုရှိနေသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုလည်းဖြစ်သည်။ ခန္ဓာကိုယ်တွင် အိုင်အိုဒင်းလုံလောက်စွာ မရရှိဘဲချို့တဲ့ပါက လည်ပင်းကြီးရောဂါဖြစ်ပွားခြင်း၊ သိုင်းရွိုက်အားနည်းခြင်း၊ ကလေးများကြီးထွားဖွံ့ဖြိုးမှု ထိခိုက်စေခြင်းစသည်တို့အပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
ခန္ဓာကိုယ်၏ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အိုင်အိုဒင်းလုံလောက်စွာ ရရှိရန်လိုသည်။ သန္ဓေသားဘဝမှသည် သက်ကြီးရွယ်အိုဘဝအထိ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာရရှိရန် မှီဝဲကြရမည်ဖြစ်သည်။ အိုင်အိုဒင်းသည် သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းအာဟာရလုံလောက်စွာစားသုံးကြရန်လိုသည်။ ကိုယ်ဝန်ဆောင်မိခင်များ အိုင်အိုဒင်းချို့တဲ့ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသောကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက်မသန်စွမ်းသော ကလေးမွေးတတ်သည်။
ကလေးငယ်များ အိုင်အိုဒင်းအာဟာရချို့တဲ့ပါက ခန္ဓာကိုယ်စံချိန်မီမကြီးထွားနိုင်ဘဲ သေးကွေးပုညှက်နေမည်။ ဉာဏ်ထိုင်းနေမည်။ လည်ပင်းကြီးရောဂါဖြစ်မည်။ သွက်လက်ဖျတ်လတ်မှုမရှိ။ ထုံထိုင်းနှေးကွေးမည်ဟူ၍ ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ အိုင်အိုဒင်းချို့တဲ့ခြင်းတွင် အတွေ့ရများသည့် လက္ခဏာများမှာ လည်ပင်းသိုင်းရွိုက် ဂလင်းများကျယ်လာ၍ ရောင်ရမ်းခြင်း၊ အဆက်မပြတ်ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ အအေးဒဏ်ခံနိုင်စွမ်းကျလာခြင်း၊ အရေပြားခြောက်သွေ့ပြီး ဆံပင်များ ကြွပ်ဆတ်၍ ကျွတ်ထွက်လာခြင်း၊ အစာခြေဖျက်မှုနှေးကွေးခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းနှင့် မှတ်ဉာဏ်လျော့နည်းလာခြင်းတို့ ဖြစ်သည်။
လူတစ်ဦးအတွက် နေ့စဉ်အိုင်အိုဒင်းလိုအပ်ချက်သည် အသက်အရွယ်နှင့် ဘဝအဆင့်အလိုက် ကွဲပြားခြားနားမှုရှိသည် ဟုဆိုသည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူတစ်ဦးသည် တစ်နေ့လျှင် ၁၅၀ မိုက်ခရိုဂရမ်ခန့် လိုအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များမှာ ပိုမိုလိုအပ်သည်။ အိုင်အိုဒင်းချို့တဲ့မှုကို သင့်လျော်သော အစားအသောက်ပြောင်းလဲခြင်း၊ ဖြည့်စွက်စာများ စားခြင်းဖြင့် ကုစားကာ ကျန်းမာရေးရလဒ်များ ကောင်းမွန်လာစေနိုင်သည်။ အိုင်အိုဒင်းကြွယ်ဝသည့် အစားအစာများမှာ ရေညှိ၊ အိုင်အိုဒင်းဆား၊ နို့ထွက်ပစ္စည်းများ၊ ပုစွန်၊ ဥအမျိုးမျိုး၊ တူနာငါးစသည်တို့ဖြစ်ရာ မိမိနေထိုင်ရာဒေသတွင် အလွယ်တကူရရှိနိုင်သည့် အိုင်အိုဒင်းကြွယ်ဝသည့် အစားအစာကို ပုံမှန်စားသုံးရန်နှင့် အလွယ်ကူဆုံးမှာ အိုင်အိုဒင်းဖြည့်သွင်းထားသည့် အိမ်သုံးဆားကို ချက်ပြုတ်ရာတွင် သုံးစွဲခြင်းပင်ဖြစ်သည်။
ဩဂုတ်လ၏ စတုတ္ထပတ်ကို အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ထားခြင်းက လူတိုင်း၏ ခန္ဓာကိုယ်အတွက် အိုင်အိုဒင်းသတ္တုဓာတ်အရေးကြီးပုံကို မမေ့မလျော့စေရန် နှိုးဆော်ပေးနေခြင်းပင်ဖြစ်သည်။ အိုင်အိုဒင်းအာဟာရသည် ကိုယ်ဝန်ဆောင်မိခင်၏ ဝမ်းတွင်းမှ သန္ဓေသားကလေးစံချိန်မီဖွံ့ဖြိုးရေးအတွက် အရေးကြီးသလို မွေးကင်းစကလေးများ ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးပုညှက်မနေရေး၊ ဦးနှောက်ဉာဏ်ရည်ကောင်းမွန်ရေးတို့အတွက် အရေးကြီးသည်။ ထို့အပြင် အရွယ်ရောက်ပြီးသူတိုင်း နေ့စဉ်အိုင်အိုဒင်းလိုအပ်ချက်ကို ပြည့်မီလုံလောက်အောင် စားသုံးခြင်းဖြင့် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများမှ ကင်းဝေးကြပါစေကြောင်း။ ။