Skip to main content

ဆင်ခြင်မှုကင်းမဲ့သည့် အကြမ်းဖက်လုပ်ရပ်

ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို မိုင်းခွဲဖျက်ဆီးလိုက်သည့် လုပ်ရပ်က အကြမ်းဖက်သောင်းကျန်းသူ TNLA နှင့် အပေါင်းအပါ အကြမ်းဖက်သမားများ၏ အသိပညာနှင့်ဉာဏ်ရည်နိမ့်ကျမှုကို လက်တွေ့ပြသလိုက်ခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုး ရထားလမ်း ပေါ်ရှိ ဂုတ်ထိပ်တံတားကြီးကို TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်းဟူ၍ ဓာတ်ပုံများနှင့်တကွ ပြည်ပြေးပြည်ဖျက်မီဒီယာများက ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လွှင့်ခဲ့ကြစဉ်ကပင် မြန်မာပြည်သူလူထုအတွင်း တံတားကြီးအတွက် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးရထားလမ်းတံတားဖြစ်သည့် ဂုတ်ထိပ်တံတားကို ကိုလိုနီခေတ် ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဆောက်လုပ်ရေးကုမ္ပဏီ၊ အမေရိကန်မှ တင်သွင်းသောပစ္စည်းများဖြင့် တည်ဆောက်ခဲ့သည်။ ပေ ၃၀၀ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည်ဆောက်ထားသည့် ဂုတ်ထိပ်တံတားသည် ပေ ၂၂၆၀ ရှည်လျားပြီး တံတား အောက်ဖြတ်သန်းစီးဆင်းနေသော ချောင်း၏အထက် အမြင့်ဆုံးနေရာတွင် ပေ ၁၁၀၀ အထိ မြင့်သည်။ တံတားတစ်ခုလုံးအတွက် သံနှင့်သံမဏိတန်ချိန်ပေါင်း ၄၃၁၁ တန်၊ သံမှိုပေါင်း တစ်သန်းကျော်အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိသည့်အနက် တိုင်အမှတ် ၈ နှင့် ၉ တို့မှာ အမြင့်ဆုံးဖြစ်သည်။

၁၉၀၃ ခုနှစ်တွင် တံတားကြီးကို စတင်အသုံးပြုနိုင်ခဲ့ရာ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် နက်ရှိုင်းလှသည့် လျှိုမြောင်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားကြီးမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၏ အံ့ဖွယ်တစ်ပါးအဖြစ် ပြည်တွင်းပြည်ပတွင် ကျော်ကြားခဲ့သည်။ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးသည် လူသားတို့ကဲ့သို့ပင် လောကဓံတရားတို့နှင့်ရင်ဆိုင်ခဲ့ရပြီး ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ၏ မြေလှန်စနစ်ဖြင့် ဖျက်ဆီးခြင်းကို တစ်ကြိမ်၊ မြန်မာနိုင်ငံမှ ဂျပန်တပ်များ ဆုတ်ခွာချိန်တွင် တစ်ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခြင်း နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတားတိုင်အချို့လဲကျပျက်စီးခဲ့ရပြီး ပေါင်းကူး သံပေါင်ကြီးများလည်း မြေကြီးပေါ်သို့ ပြုတ်ကျခဲ့သည်။

ဂုတ်ထိပ်တံတားကြီး ပျက်စီးမှုကို မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်တွင်ပင် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီး ၁၉၅၁ ခုနှစ် ဩဂုတ်လတွင်မှ ပြင်ဆင်ပြီးစီးခဲ့သည်။ မန္တလေး-လားရှိုးရထားလမ်း မှ အထင်ကရနေရာဖြစ်သော ဂုတ်ထိပ်တံတားကြီးနှင့် ပတ်ဝန်းကျင် မြင်ကွင်းရှုခင်းများက ခရီးသွားသူတိုင်းကို ညှို့ယူဖမ်းစားနိုင်သည့်အလျောက် မျက်မှောက်ခေတ်တွင်လည်း ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်သည့် Tourist Attraction နေရာတစ်ခုဖြစ်ရာ မြန်မာများ အားလုံး၊ ရှမ်းပြည်နယ်သူ၊ ပြည်နယ်သားအားလုံး ဂုဏ်ယူကြရသည့် နေရာလည်း ဖြစ်သည်။ လတ်တလောဖြစ်နေသည့် မငြိမ်မသက်မှုများ ပြီးဆုံးသွားသည့်အခါ၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုနှင့် ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှုတို့ နိုင်ငံတစ်ဝန်းလုံး ရရှိလာသည့်အခါတွင် ဤနေရာ၊ ဤဒေသသည် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် အသာယာအလှပဆုံးနေရာများထဲမှ တစ်ခုအဖြစ် ပြန်လည်ရပ်တည်လာမည့်နေရာလည်း ဖြစ်သည်။

ယခုမူ TNLA နှင့်အပေါင်းအပါ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားတို့က ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖောက်ခွဲဖျက်ဆီး ခဲ့သည့်အပြင် ပြည်ပြေး၊ ဝရမ်းပြေး မီဒီယာများမှတစ်ဆင့် သူ့အလို လို ပြိုကျသယောင်၊ တပ်မတော်က ဖျက်ဆီးသယောင် လိမ်ညာထုတ်လွှင့်မှုများကို အရှက်တရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိကြ သည်။ လက်ရှိကာလတွင် တပ်မတော်သည် တရားဥပဒေ၏ စိုးမိုးမှုအောက်တွင် အေးချမ်းစွာနေထိုင်လိုကြသော တိုင်းရင်းသား ပြည်သူလူထုကြီး၏ အားပေးထောက်ခံမှုနှင့်အတူ အကြမ်းဖက်သောင်းကျန်းသူများကို မြို့ရွာဒေသအများအပြားတွင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး တစ်မြို့ပြီးတစ်မြို့၊ ဒေသတစ်ခုပြီးတစ်ခု ပြန်လည်ထိန်းချုပ်လျက်ရှိသည်။ TNLA နှင့် ၎င်း၏ အပေါင်းအပါ အကြမ်းဖက်သောင်းကျန်းသူများမှာ နေဝင်ချိန်သို့ နီးကပ်လာနေပြီး ၎င်းတို့ယာယီအားဖြင့် အဓမ္မရယူထားသည့် အရာများအားလုံး ပြန်လည်လက်လွှတ်ရတော့မည့် အချိန်အခါသို့လည်း ရောက်ရှိလာပြီဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူဟူသမျှ လုံးဝချုပ်ငြိမ်းသည်အထိ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ခိုက်နှိမ်နင်း ကြရပါမည့်အကြောင်း။ ။