နေပြည်တော် ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ငါးပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၁၁ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အင်းလျက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော် ၄၃ ပါးနှင့် ဒေသခံပြည်သူ ၈၅ ဦးတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အင်းလျက်ကျေးရွာရှိ ကွမ်းခြံကုန်း၌ အခြေပြု၍ အရိုးအကြောရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်