Skip to main content

နိုင်ငံနှင့်ဒေသတွင်းလုံခြုံရေးထိခိုက်နိုင်မှုများ အမျိုးသားရေးအသွင်ဖြင့်တိုက်ဖျက်

ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေးအဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုစသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း” အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် စဉ်ဆက်မပြတ်ဖော်ထုတ် တားဆီးနှိမ်နင်းလျက်ရှိရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုပူးပေါင်းကူညီမှုဖြင့် နိုင်ငံအတွင်း သယ်ဆောင်ရောင်းဝယ်ဖောက်ကားနေသော ပြစ်မှုကျူးလွန်သူများနှင့်အတူ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို မကြာခဏဖော်ထုတ်ဖမ်းဆီးနိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ရှမ်းပြည်နယ်နှင့် နယ်စပ်ဒေသများသည် ပထဝီအနေအထားနှင့် နောက်ခံသမိုင်းကြောင်းများအရ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများရှိခဲ့ရာ နိုင်ငံတော်အစိုးရအဆက်ဆက်၌ စစ်ဆင်ရေးအမျိုးမျိုး၊ စီမံချက်အမျိုးမျိုးဖြင့် တိုက်ဖျက်နှိမ်နင်းခဲ့သော်လည်း ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးသည်ကို တွေ့မြင်နိုင်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အလေးထားတိုက်ဖျက်လျက်ရှိသကဲ့သို့ ယခုလက်ရှိအနေအထားထက်ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားထားသည်။ ယခုဩဂုတ်လ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း၊ ရန်ကုန်မှတစ်ဆင့် မလေးရှားရေပိုင်နက်သို့လည်းကောင်း မူးယစ်ဆေးဝါးများပို့ဆောင်မည့် မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့ဝင်များ နှင့်အတူ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၁ ရက်နေ့ကလည်း ငွေကျပ် ၄၈ ဘီလီယံကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် ရန်ကုန်မြို့မှ ပြည်ပသို့ ရေကြောင်းလမ်းအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ အကြိမ်ကြိမ်ကျူးလွန်သယ်ဆောင်ခဲ့ကြသည့် ဂိုဏ်းအဖွဲ့ဝင်များကို ဖော်ထုတ်ဖမ်းဆီးရမိသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ရန်ကုန်မှတစ်ဆင့် ရေလမ်းကြောင်းအသုံးပြုပြီး မလေးရှားပင်လယ်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့်စိတ်ပြောင်းဆေးဝါးများကို သယ်ဆောင်ရောင်းချသူ AA သောင်းကျန်းသူအဖွဲ့ဝင်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိသည့်သတင်းတို့ကို တွေ့ရှိခဲ့ရသည်။

မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့များအနေဖြင့် စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ ရန်ကုန်နှင့်အခြားမြို့များတွင် ခေတ္တသိုလှောင်ပြီး ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားရေပြင်ပိုင်နက်သို့ ကုန်းလမ်းနှင့်ပင်လယ်ရေလမ်းကြောင်းတို့ကိုအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြခြင်းဖြစ်ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ထိထိရောက်ရောက် အရေးယူခြင်းခံရမည်ဖြစ်သလို ၎င်းတို့မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ထပ်မံအရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုဖြစ်စဉ်အပါအဝင် နှစ်စဉ်လစဉ် အကြိမ်ကြိမ်ဖမ်းဆီးရမိသည့်ဖြစ်စဉ်များကို တွေ့ရသည်။ မူးယစ်ဆေးဝါးများကို ထိုသို့မကြာခဏဖမ်းဆီးရမိနေသော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ ဆက်လက်ရှိနေသည်ကို ဆန်းစစ်အဖြေရှာထုတ်ဖော်ပြီး ယခုထက်ပိုမိုဖော်ထုတ်၍ ဝိုင်းဝန်းကြိုးပမ်းကြကာ နိုင်ငံအတွင်းနှင့် ဒေသတွင်းကို အန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးဂိုဏ်းများအားလုံးကို အမြစ်ပြတ်သည်အထိ ဖော်ထုတ်ဖမ်းဆီးတိုက်ဖျက်သွားကြရမည်ဖြစ်ပါကြောင်း။