တောင်ကြီး အောက်တိုဘာ ၂၉
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး - စငေါ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃.၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ စငေါဓာတ်အားခွဲရုံဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခင်က ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစား ရေအား လျှပ်စစ်စက်များနှင့် အချိန်ပိုင်းသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့် စငေါကျေးရွာအုပ်စုကို ယခုဆိုရင် နိုင်ငံ ဓာတ်အားစနစ်ကနေပြီး (၂၄)နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း၊ စငေါကျေးရွာအုပ်စုကို ၂၄နာရီ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၃.၅ မိုင်နှင့် ၃၃/၁၁ ကေဗွီအေဓာတ်အားခွဲရုံတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၁၀၅၀.၉၉၉)သန်း အကုန်အကျ ခံကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၁၆ ခုနှစ်တွင် (၁၆၅) မဂ္ဂါဝပ် သုံးစွဲနိုင်ခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်တွင် ( ၂၅၆ )မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ် မတ်လတွင် စုစုပေါင်း အိမ်ထောင်စုဦးရေ၏ ( ၂၅.၄% )သာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်( တောင်ပိုင်း )မှာ ( ၆၁.၇၀% )၊ မြောက်ပိုင်းတွင် (၄၅.၆၉%)နှင့် အရှေ့ပိုင်းတွင် ( ၁၇.၃၅% )၊ ရှမ်းပြည်နယ်တစ်ခုလုံး စုစုပေါင်း ( ၄၇.၆၆% )အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၈) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများကို နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာဓာတ်အား လိုင်းနှင့် မိုင်းပျဉ်း၊ ကျိုင်းတုံတို့တွင် ပင်မဓာတ်အားခွဲရုံကြီးများ အသစ်တည်ဆောက်ခြင်းအပြင် နမ့်စန်မြို့က မူလရှိပြီးသား ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီအဆင့် တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ပြီးဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် ရှမ်းပြည်နယ်အတွင်း ( ၅၀% )အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နောင်တရားမြို့တွင် ၆၆ ကေဗွီလိုင်း (၃၄)မိုင်နှင့် ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်(နောင်ယာဆိုင်း) ၃၃ ကေဗွီ ဓာတ်အားလိုင်း (၀.၀၃)မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆတ်သေ-မိုင်းပျဉ်း ၆၆ ကေဗွီ ဓာတ်အားလိုင်း (၁၀)မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ၊ ရွာငံမြို့တွင် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓါတ်အားခွဲရုံအား ၁၀ အမ်ဗွီအေသို့ အဆင့်မြှင့်တည်ဆောက်ခြင်း၊ လွိုင်လင်၊ ပင်လုံ၊ ဝမ်ကုန်းကျေးရွာသို့ ၆၆ ကေဗွီလိုင်း Double Circuit (၀.၆)မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ၊ နမ့်စန်မြို့နယ်၊ လွိုင်ကျန့်(လွိုင်စန့်) တွင် ၃၃ ကေဗွီလိုင်း Double Circuit (၀.၂) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတု ကျေးရွာတွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်အတွင်း မြို့/မြို့နယ်ပေါင်း (၈၆)မြို့၊ ကျေးရွာပေါင်း (၁၃၇၈၂)ရွာနှင့် အိမ်ထောင်စုပေါင်း (၁၁၆၉၅၆၉)စုတို့ ရှိသည့်အနက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ မြို့/ မြို့နယ်ပေါင်း ( ၈၆ )မြို့၊ ကျေးရွာပေါင်း ( ၄၆၇၂ )ရွာနှင့် အိမ်ထောင်စုပေါင်း ( ၅၅၇၅၆၉ ) စု တို့အား နိုင်ငံတော်ဓာတ်အား စနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေကျပ်သန်းပေါင်း ( ၄၁,၁၀၀ )ဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးပါက ကျေးရွာပေါင်း (၁၆၉)ရွာ၊ အိမ်ထောင်စုပေါင်း (၁၅၅၃၉)စုအား တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာဖြစ်ပြီး ယနေ့ ကျင်းပသည့် ၃၃ ကေဗွီ ဟိုပုံး-စငေါ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံဖွင့်ပွဲသည် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်စံလွင် က အမှာစကားပြောကြားကြပြီး ဒေသခံတိုင်းရင်းသား ဦးခွန်ပန်းအောင် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဓာတ်အားခွဲရုံအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
၎င်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက္ကချားကျေးရွာရှိ 11 kv ဓာတ်အားလိုင်းကို ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဖွင့်လှစ် ပေးကြပြီး ဗန်းစောက်ကျေးရွာတွင် ၄၀၀ဗို့အားလိုင်းကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်အောင်ကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လျှပ်စစ်မီး သုံးစွဲနေမှာအား ကြည့်ရှူစစ်ဆေး၍ ခိုခြဲကျေးရွာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်းကို ပြည်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးတို့မှ ဖွင့်လှစ်ပေးခဲ့ကြပြီး ဓာတ်မိန်းခလုတ်အား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်စာရင်းချုပ်တို့က ခလုတ်အား ဆွဲတင်ဖွင့်လှစ်ပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)