ရန်ကုန် အောက်တိုဘာ ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Surgical Masks များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs.Suphatra Srimaitreephithak က Surgical Masks များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့လှူဒါန်းပွဲတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ထိုင်းဘတ်ငွေ (၁၂) သိန်းနှင့် ညီမျှသော Surgical Masks လေးသိန်းကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန (NHL) သို့ ဂျပန်နိုင်ငံ အစိုးရက ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်သည့် RT-PCR Machines & Laptop Computer များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန(NHL)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာ ဋ္ဌေးဋ္ဌေးတင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမ က ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲစမ်းသပ်သည့် RT-PCR Machines & Laptop Computer များ ပေးအပ် လှူဒါန်းပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာ ဋ္ဌေးဋ္ဌေးတင် က ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ဂျပန်နိုင်ငံအစိုးရက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာန (NHL)တွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ (၅ ဒသမ ၁၈) သန်းခန့်ရှိ RT-PCR Machines & Laptop Computer များကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA) /ဓာတ်ပုံ-ရဲထွဋ်