နေပြည်တော် အောက်တိုဘာ ၂၈
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေး ဌာနတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။
ရှေးဦးစွာ ခုံရုံးဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ခုံရုံးသို့ တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ တင်သွင်းလာသည့်အချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် တင်သွင်းလွှာကို ကြားနာဆုံးဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန် အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ခုံရုံးအနေဖြင့် e-Court စနစ် အသုံးပြု ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိတို့ခုံရုံးအနေဖြင့် ယခင်ကတည်းက အီလက်ထရောနစ် တရားခွင်စနစ် (e-Bench System) ကို အစပျိုးထားပြီးဖြစ်သဖြင့် e-Court စနစ်ဖြင့် တင်သွင်းလွှာ လက်ခံသည်မှ ဆုံးဖြတ်ချက်ချသည့်အထိ အခက်အခဲမရှိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အောင်မြင် စေရန် ကြိုးပမ်း အားထုတ် ခဲ့သော ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ဂုဏ်ပြုချီးမြှင့်လို သဖြင့် ယခုကဲ့သို့ အခမ်းအနား ကျင်းပရခြင်း ဖြစ်ကြောင်း၊ e-Court စနစ် အကောင်အထည်ပေါ်အောင် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ အားလုံးကို ခုံရုံးအနေဖြင့် ဂုဏ်ယူကျေးဇူး တင်ပါကြောင်း၊ နောင်တွင် ယခုကဲ့သို့ လုပ်ငန်း ရပ်များ ပေါ်ပေါက်လာပါက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန် မိမိ အနေဖြင့် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီလွင်က e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ခုံရုံးဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရာ တရားရေးဌာနမှ ဝန်ထမ်း များကိုယ်စား ညွှန်ကြားရေးမှူး ဦးမင်းသိမ်းကလည်းကောင်း၊ e-Government ဌာနမှ ဝန်ထမ်းများ ကိုယ်စား ညွှန်ကြားရေးမှူး ဦးညီညီလွင်ကလည်းကောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်