ယနေ့ ၂၁ ရာစုမှာ စစ်ရေးအစွမ်းကိုအသုံးပြု၍ နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်သောအင်အားကို ဟတ်ဒ်ပါဝါ (Hard Power) ဟုခေါ်ဆိုပြီး စစ်ရေးအရမဟုတ်ဘဲ နိုင်ငံ၏ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ယဉ်ကျေးမှုအင်အား တွေနဲ့ နိုင်ငံတစ်နိုင်ငံအပေါ်လွှမ်းမိုးထားနိုင်သောစွမ်းအားကို ဆော့ဖ်ပါဝါ (Soft Power) ဟု ခေါ်ဆို ခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံတွင် ဟတ်ဒ်ပါဝါအင်အားကောင်းဖို့ အရေးကြီးသလို နိုင်ငံရဲ့ ဆော့ဖ်ပါဝါ ကလည်း အဆင့်အတန်းမြင့်မားပြီး လွှမ်းမိုးထားနိုင်စွမ်းရှိဖို့ အရေးကြီးလှပါတယ်။ မိမိနိုင်ငံရဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး အင်အားကောင်း နေမှသာလျှင် အခြားသော အင်အားကြီးနိုင်ငံတွေရဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှု ဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပါတယ်။ ၂၁ ရာစုမှာ အင်အားကြီးနိုင်ငံတွေဟာ စစ်တိုက်ခြင်းနဲ့ ကျူးကျော် လွှမ်းမိုးမှုကို မလုပ်ကြတော့ဘဲ နည်းပညာ၊ စီးပွားရေး၊ အနုပညာ၊ ယဉ်ကျေးမှု နည်းလမ်း ပေါင်းစုံ သုံးပြီး နိုင်ငံတစ်နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေကြပါပြီ။ ဥပမာပြရရင် ရုပ်မြင်သံကြား လုပ်ငန်းနယ်ပယ်မှာ အမေရိကန်မှ ထုတ်လွှင့်နေသော MTV တေးဂီတရုပ်သံလိုင်းဟာ တစ်ကမ္ဘာလုံးက ဆယ်ကျော်သက်လူငယ်တွေကို ချုပ်ကိုင်ထားနိုင်စွမ်း ရှိနေပါပြီ။ တေးဂီတ၊ ဖက်ရှင်၊ အက၊ လူနေမှုဟန် Lifestyle ကအစ လူငယ်တွေအပေါ် လွှမ်းမိုးထားပါတယ်။ ထို့အတူ အမေရိကန် ဟောလိဝုဒ်က ထုတ်လုပ်တဲ့ ရုပ်ရှင် ဇာတ်ကားတွေကလည်း ကမ္ဘာအနှံ့မှာလွှမ်းမိုးထားခဲ့တာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပါပြီ။ ယခုအခါ အိန္ဒိယ ဘောလိဝုဒ်မှာ ထုတ်လုပ်တဲ့ ဇာတ်ကားတွေ၊ တရုတ် နိုင်ငံ၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)တို့မှ ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်ရှင်တွေကလည်း နိုင်ငံတကာရုပ်ရှင် ဈေးကွက်မှာ အောင်မြင်မှုတွေရနေပါပြီ။ အထူးသဖြင့် K POP လို့ခေါ်တဲ့ ကိုရီးယားခေတ်ပေါ်ဂီတနဲ့ အက၊ Korea Drama Series လို့ခေါ်တဲ့ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေဟာ ၂၀၀၀ ပြည့်နှစ် လောက်ကစပြီး အရှေ့တောင်အာရှနိုင်ငံတွေကို စတင်လွှမ်းမိုးလာခဲ့တာ ဒီကနေ့ဆိုရင်ကမ္ဘာ အဆင့်အထိ တက်လှမ်းနေပြီ ဖြစ်ပါတယ်။ ယခုဆိုလျှင် မြန်မာရုပ်မြင်သံကြားလိုင်းများမှာ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်ရုပ်သံ ဇာတ်လမ်းတွဲတွေသာမက တူရကီ၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ ရုပ်သံဇာတ်လမ်း တွဲတွေပါ ဝင်ရောက်နေရာ ယူနေကြပြီဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာရဲ့ ဆော့ဖ်ပါဝါတွေပါပဲ။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ တွန်းလှန်နိုင်ဖို့၊ ကိုယ့် စာပေ၊ ကိုယ့်ဂီတ၊ ကိုယ့်အနုပညာ၊ ကိုယ့်ယဉ် ကျေးမှုကို မပျက်ယွင်း မပျောက်ဆုံးအောင် ထိန်းသိမ်းထားနိုင်ဖို့ အဆင့်အတန်း မြင့်မားသည်ထက် မြင့်မားလာအောင် စွမ်းဆောင်နိုင်ဖို့ အရေးကြီးလှပါတယ်။
ကျောင်းသားများနှင့် မြန်မာ့ရိုးရာ အနုပညာ
၂၀၁၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စာပေ၊ ဂီတ၊ အနုပညာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ ဆော့ဖ်ပါဝါ မြင့်မားလာဖို့ ဆောင်ရွက်ကြရမယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
ဒါကြောင့် တက္ကသိုလ်တွေမှာ ပညာရပ်ဆိုင်ရာဘာသာရပ်တွေကိုပဲ သင်ကြားပို့ချပေးနေရုံနဲ့ မလုံလောက် ဘဲ ကျောင်းသား ကျောင်းသူတွေဟာ စာပေ၊ ဂီတ၊ အက၊ အဆို၊ အတီး စတဲ့ မြန်မာ့ရိုးရာ အနုပညာရပ်တွေမှာ စိတ်ဝင်စားအောင်၊ ထူးချွန်အောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသား ကျောင်းသူတွေ ပြဇာတ်ပညာကို စိတ်ဝင်စား လာအောင်၊ ပြဇာတ်တွေ ရေးသားကပြနိုင်အောင် ကြိုးစားပေးဖို့ ပါမောက္ခချုပ်ကို တိုက်တွန်းသွား ခဲ့တယ်ဆိုတာ သိရှိခဲ့ရပါတယ်။
ဒါဟာ တကယ့်ကိုမှန်လှပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းရာမှာ အကောင်းဆုံးသော နည်းလမ်းဟာ ကျောင်းတွေမှာ ကလေးအရွယ်ကတည်းက သင်ကြားပို့ချပေးခြင်း ကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ နိုင်ငံတကာမှာ မူလတန်းကျောင်းတွေရဲ့ သင်ရိုးမှာ ဂီတသင်ရိုး၊ အကသင်ရိုး၊ အားကစားသင်ရိုးတွေကို ထည့်သွင်းထားပါတယ်။ အဲဒီမှာ ရိုးရာဂီတတူရိယာ တွေနဲ့နိုင်ငံတကာ ဂီတကိုပေါင်းစပ်ထားတဲ့ သင်ရိုးတွေကိုပါ သင်ပေးကြပါတယ်။ ဒီလိုမူလတန်း အဆင့်မှာကတည်းက ဂီတနဲ့အားကစား သင်ရိုးတွေကို ထည့်သွင်းထားကြတာ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်များလောက်ကစပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေနဲ့ ပြည့်တန်ဆာဖြစ်သွားကြတဲ့ မိန်းကလေးတွေရဲ့ အရေအတွက်ဟာ ကြောက်ခမန်းလိလိ မြင့်တက်လာတာကြောင့် အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေ ခေါင်းခဲစရာ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် မူးယစ်ဆေးစွဲလူငယ်တွေနဲ့ ပြည့်တန်ဆာလျော့ပါးရေး၊ ပပျောက်ရေး ဘယ်လိုလုပ်ကြမယ် ဆိုတာ ၁၉၈၆/ ၁၉၈၇ ခုနှစ်ဝန်းကျင်လောက်မှာ ဂျပန်နိုင်ငံက ကမကထပြုလုပ်ပြီး အရှေ့တောင်အာရှ နိုင်ငံက သက်ဆိုင်ရာတာဝန်ရှိအဖွဲ့ အစည်းတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ တက်ရောက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ အဲဒီဆွေးနွေးပွဲကြီးရဲ့ နောက်ဆုံးရလဒ်က မူးယစ်ဆေးစွဲမှုနဲ့ ပြည့်တန်ဆာပြဿနာတွေကို အရွယ်ရောက်ချိန်ကျမှ ပညာပေးဖြေရှင်းရတာဟာ အင်မတန် ခက်ခဲတယ် ဆိုတာတွေ့ရှိခဲ့ကြပြီး အကောင်းဆုံး နည်းလမ်းကတော့ မူလတန်းကလေးဘဝ အရွယ်ကတည်းက ကာကွယ်တားဆီးဖို့ ကြိုးစားတာဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာ သဘောတူညီ ခဲ့ကြပါတယ်။ ဒါကြောင့် မူလ တန်းပညာသင်ရိုးမှာ ကိုယ့်ကျန်းမာရေး ကိုယ်စောင့်ရှောက်တတ်အောင် အားကစားလေ့ကျင့်ခန်းတွေ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုးထားတတ်အောင် ဂီတသင်တန်း အကသင်တန်းတွေကိုပါ မူလတန်းသင်ရိုးမှာ စတင်ထည့်သွင်း ရေးဆွဲခဲ့ကြပါတယ်။
တကယ်တော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ နိုင်ငံတော်၏ ဆော့ဖ်ပါဝါမြင့်မားရေးအတွက် ဆိုရင်လည်း အခြေခံပညာမူလတန်း၊ အလယ်၊ အထက်တန်း အဆင့်များ မှစ၍ အဆင့်ဆင့်ပျိုးထောင်ပြုစုပေးကြရမှာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပေါ်ပေါက်လာခြင်း
ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်ကတည်း က စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။
ထိုစဉ်က ယခုကဲ့သို့ ဟတ်ဒ်ပါဝါ၊ ဆော့ဖ်ပါဝါ အသုံးအနှုန်းတွေ မပေါ်သေးသော်လည်း ထိုစဉ် ကတည်း က မည်ကဲ့သို့သောရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ကြတာကို သမိုင်းမှတ်တမ်း အဖြစ် ဖော်ပြပါရစေ။
“ရန်ကုန်တက္ကသိုလ်သည် စစ်ပြီးခေတ် ၁၉၄၇ ခုနှစ် တွင် ဘာသာစုံဌာနများဖြင့် မြိုင်ဆိုင်စွာ ဖွင့်လှစ်နိုင်ခဲ့ပေသည်။ တိုတောင်းလှသော နှစ်တွင်းမှာပင် မြန်မာပြည်၏ ဂုဏ်ကျက်သရေကို ဆောင်ယူ ကယ်တင်နိုင်သည့် အခြေသို့ရောက်လာခဲ့ပေသည်။ တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည် ကူးလူးဆက်ဆံ ရာတွင် လွယ်ကူနိုင်မှု ရယူနိုင်ခြင်းမှာ ပညာရှင်များပေါ်ထွန်းရာ တက္ကသိုလ်ကျောင်းတော်ပင် ဖြစ်ရကား တက္ကသိုလ်ရှိ ကျောင်းတော်သူကျောင်းတော်သားများ၌ တာဝန်ရှိပေသည်။ ထိုသို့ တာဝန်ရှိသည့် အလျောက် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုတွင် အကျုံးဝင်ရာ အနုပညာရပ်များ မြှင့်တင်ထိန်းသိမ်း နိုင်မှုမှာ ကျောင်းတော်သူ ကျောင်းတော်သားများ၏ ကြိုးပမ်းအားပေးမှုသာလျှင် အဓိက ဖြစ်ပေရာ တက္ကသိုလ်ကျောင်းတော်ကြီးရှိ အမျိုးသား အမျိုးသမီး ဂုဏ်ယူနိုင်စရာဖြစ်သည့် တက္ကသိုလ်အနုပညာ အသင်းကြီး ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်၌ ပေါက်ဖွားခဲ့ ပေသည်။
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီးကို တက္ကသိုလ်မှ ပါမောက္ခများဖြစ်သည့် ဦးမျိုးမင်း၊ ဒေါက်တာ မောင်မောင်ခတို့ဦးစီးကာ မြန်မာအနုပညာရပ်များကို မူမပျက်တည်တံ့စေရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများပါဝင်၍ ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့လေသည်။ ၎င်းအသင်း တည်ထောင်စနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူမှာ ပါမောက္ခချုပ် ဒေါက်တာထင်အောင်ဖြစ်၍ အကျိုးဆောင်အဖြစ် ဒေါက်တာမောင်မောင်ခက ဆောင်ရွက်ခဲ့ပါသည်။ အသင်း၏ ကောင်စီဝင် အမှုဆောင်များတွင် ဦးအောင်လှ၊ ပါမောက္ခ ဦးမောင်၊ ပါမောက္ခဒေါက်တာသာလှ၊ ပါမောက္ခဦးဘညွန့်၊ ပါမောက္ခ ဒေါက်တာဒေါ်သင်းကြည်။ ဦးဝန်၊ ဦးသိန်းဟန်၊ ဦးခင်မောင်လတ်တို့နှင့်တကွ ကထိက၊ ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူ အများအပြား ပါဝင်ခဲ့လေသည်။ ၎င်းအသင်းကြီး၏ ရည်ရွယ်ချက်မှာ အနုပညာရပ်တွင် ပါဝင်သော ပန်းချီ၊ စာပေ၊ ဂီတ၊ အက၊ ပြဇာတ်၊ ရုပ်ရှင်၊ ပန်းပု၊ အိမ်တွင်းအလှဆင်နှင့် ဗိသုကာပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ပြတိုက်၊ စာကြည့်တိုက်များ ဖွင့်လှစ်၍ လည်းကောင်း၊ အနုပညာဆိုင်ရာ ဗဟုသုတ ဖြစ်စေမည့် စာအုပ်စာတမ်းများ ထုတ်ဝေရေး တို့အတွက် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပေသည်။”
(ပါမောက္ခကျော်ရင် မြန်မာစာဌာန ရေးသားသော ရန်ကုန်တက္ကသိုလ်အနုပညာအသင်းဆောင်းပါးမှ ကောက်နုတ်ချက်)
ရန်ကုန်တက္ကသိုလ်အနုပညာအသင်းကို ၁၉၅၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့တယ်။ ထိုစဉ်က ရန်ကုန် အနုပညာအသင်းကို ဘာကြောင့် တည်ထောင်ခဲ့ကြရတယ်ဆိုတဲ့ အကြောင်းကို ၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၏ ၂၅ နှစ်မြောက် ငွေရတုသဘင် အခမ်းအနားတွင် မြန်မာစာ ပါမောက္ခ ဆရာကြီးဦးလှရွှေက ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေဟာ ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံး၊ ပြင်သစ်သံရုံး အစရှိတဲ့ သံရုံးအသီးသီးက ဧည့်ခံပွဲတွေကို တက်ရောက်ကြပြီး အနောက်တိုင်းအက၊ အနောက်တိုင်း တေးဂီတတွေကို သီဆိုတီးမှုတ် ကခုန်ကြဖို့ ကျောင်းဆင်းချိန် ညနေပိုင်းတွေမှာ သွားလာနေကြတာကို မြင်တွေ့ကြရတဲ့ ရူပဗေဒပါမောက္ခ ဒေါက်တာမောင်မောင်ခ၊ မြန်မာစာ ပါမောက္ခဦးကျော်ရင်၊ မြန်မာစာ ပါမောက္ခ ဆရာကြီးဦးလှရွှေတို့ သုံးယောက်ဟာ တိုင်ပင်ပြောဆိုခဲ့ကြ ပါတယ်တဲ့။ ဒီအတိုင်းသာဆိုရင် တို့တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ အနောက်တိုင်းအက၊ အနောက်တိုင်း ဂီတတွေမှာ မွေ့လျော်သွားကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖြစ်တဲ့ အက၊ ဂီတတွေ စိတ်ဝင်စားမှု မရှိတော့ဘဲ မေ့လျော့သွားကြရင် ဒုက္ခရောက်ကုန်ကြမယ်။ ဒါကို တွေးပူမိတဲ့ ဆရာကြီးသုံးဦးဟာ မြန်မာအက၊ မြန်မာဂီတ၊ မြန်မာယဉ်ကျေးမှုအနုပညာတွေကို ကျောင်းသား ကျောင်းသူတွေ စိတ်ဝင်စားလာအောင်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် တွေကို မြတ်နိုးထိန်းသိမ်းလာအောင်၊ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကို ဖွဲ့စည်းတည်ထောင် ခဲ့ကြတာ ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဒါဟာတကယ်တော့ လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်ကတည်းက နိုင်ငံတော်ရဲ့ ဆော့ဖ်ပါဝါကို နိုင်ငံတော်ရဲ့ အမြင့်မားဆုံးပညာရေး အဖွဲ့အစည်းဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က စတင်တည် ဆောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။
အနုပညာအသင်းကြီး၏ စွမ်းဆောင်ရည်များ
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းရဲ့ လက်အောက်မှာ ပန်းချီဌာနခွဲ၊ ဂီတဌာနခွဲ၊ အကနှင့် ပြဇာတ် ဌာနခွဲ၊ ဟောပြောရေးဌာနခွဲ၊ အိမ်တွင်း အလှဆင်နဲ့ ဗိသုကာဌာနခွဲတွေနဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။
ပန်းချီဌာနခွဲမှာ ပန်းချီဆရာကြီးဦးဘကြည်၊ ပန်းချီဆရာကြီးဦးအုန်းလွင်၊ ပန်းချီဆရာကြီးဦးဉာဏ်ရှိန်၊ ပန်းချီဆရာကြီးဦးသိန်းဟန်၊ ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ပန်းချီဆရာကြီး ဦးနန်းဝေနဲ့ ကာတွန်း ဆရာကြီး ဦးဖေသိန်းတို့က လာရောက်သင်ကြား ဟောပြောပို့ချပေးခဲ့ကြပါတယ်။
၁၉၅၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး နှစ်စဉ် ပန်းချီပြိုင်ပွဲ ပြပွဲတွေ၊ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲတွေကို ကျင်းပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ဝိဇ္ဇာခန်းမရဲ့ အနောက်ဘက်၊ အီကိုကန်တင်း စားသောက်ဆိုင်တန်းတွေရဲ့ အရှေ့ဘက်မှာ အုတ်ကြွပ်မိုးတစ်ထပ် တိုက်လေးကို ပန်းချီအသင်းခန်းမ အဖြစ် ဆောက်လုပ်ပေးခဲ့ပါတယ်။ ယင်းပန်းချီခန်းမမှာ ပန်းချီဆရာကြီး ဦးသိန်းဟန်နဲ့ ပန်းချီဆရာကြီး ဦးလွန်းကြွယ်တို့က လာရောက်သင်ကြားပြသပေးခဲ့ရာ လက်ရာမြောက် ရေးဆွဲနိုင်သော ပန်းချီဆရာ လူငယ်တွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှ နှစ်စဉ်ထုတ်ဝေတဲ့ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာ ပန်းချီ ဌာနစိတ် ပန်းချီခန်းမှ ကျောင်းသားကျောင်းသူတွေက မျက်နှာဖုံး ပန်းချီမှအစပြု၍ ကဗျာသရုပ်ဖော်ပုံ၊ ဝတ္ထု သရုပ်ဖော်ပန်းချီ၊ ကာတွန်းတွေအားလုံးကိုရေးဆွဲကြကာ ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင် လှလှပပ နှစ်စဉ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတုသဘင် အထိမ်းအမှတ် မဂ္ဂဇင်း စာအုပ်ကြီး နှစ်အုပ်ကိုလည်း တက္ကသိုလ်ဘာသာပြန်ဌာနက တာဝန်ခံပြီး တက္ကသိုလ် ပန်းချီဆရာကြီး ဦးနန်းဝေနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ လက်ရာတွေနဲ့ သမိုင်းဝင်မှတ်တမ်း စာအုပ်အဖြစ် ဂုဏ်ယူစွာ ထုတ်ဝေခဲ့ပါတယ်။ ယနေ့အထိ မြန်မာနိုင်ငံ ပန်းချီလောက၊ သရုပ်ဖော် ပန်းချီလောက၊ ဒီဇိုင်းပန်းချီလောက၊ ကာတွန်းဆရာလောကမှာ ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းခန်းမှ ထွက်ပေါ်ခဲ့တဲ့ ပန်းချီဆရာတွေ၊ ဒီဇိုင်းဆရာတွေ၊ ကာတွန်းဆရာတွေ အမြောက်အမြားပင် ရှိခဲ့ပါတယ်။
ဂီတဌာနခွဲမှာလည်း အသင်းကြီးရဲ့ အသံလွှင့်ဌာနစိတ်အနေနဲ့ သမိုင်းပါမောက္ခဦးဘညွန့် ( ရုပ်ရှင်မင်းသား ဝင်းဦး၏ ဖခင်) က ဦးစီးကာ ၁၉၅၁ ခုနှစ်မှစ၍ “ဂီတ ညဉ့်ဦးယံ” ဖျော်ဖြေပွဲ၊ နိုင်ငံတော် အသံလွှင့်ဌာနမှာ ကာလပေါ်သီချင်း အသံလွှင့်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှစ၍ ဂီတပြိုင်ပွဲ ကို စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲများမှာ ကျောင်းသား ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ပါတယ်။ ထို၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကို အနုပညာနေ့အဖြစ် သတ်မှတ်ကာ အနုပညာနေ့ပွဲ ကျင်းပခဲ့ရာ အဆို၊ မယ်ဒလင်၊ တယော၊ စန္ဒရားပြိုင်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ ပါတယ်။ ရန်ကုန်တက္ကသိုလ်အနုပညာ အသင်းရဲ့ ပထမဆုံး အဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ တွေဖြစ်ကြတဲ့ အဆိုတော် ဦးမောင်မောင်လတ် (ကဗျာဆရာနောင်) ဆိုလျှင် ယခုတိုင် သက်ရှိထင်ရှားရှိနေဆဲပါ။ ဆရာကြီးဦးကျော်ရင်ရဲ့ ဆောင်းပါးအရဆိုလျှင် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်တိုင်အောင် သုံးနှစ်ဆက်တိုက် မဟာဂီတသီချင်းကြီးတွေ၊ ကာလပေါ် သီချင်းတွေကို အသင်းသူ အသင်းသားတွေက မြန်မာ့အသံမှနေ၍ လွှင့်ထုတ်နိုင်ခဲ့ပါတယ်။ ၎င်းဌာနခွဲမှပင် ၁၉၅၈ - ၁၉၅၉ ခုနှစ်များတွင် ပညာသင်ဌာနစိတ်တစ်ခု ထပ်မံတိုးချဲ့ကာ တယော၊ ပတ္တလား၊ စောင်း၊ အဆိုသင်တန်း တွေကို ဆရာကြီး ဂီတာဦးစိမ်းမောင်၊ ဒေါ်မေစီ၊ စောင်းဆရာမကြီး ဒေါ်သွင်တို့ကို ဖိတ်ကြား၍ သင်တန်းတွေဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူ ဆရာဆရာမတွေကို ဂီတပညာတွေ သင်ကြား စေခဲ့ပါတယ်။ ၁၉၅၉-၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာလည်း အနုပညာအသင်းက သင်တန်းတွေကို ဆက်လက်လှစ်ခဲ့ရာ ၁၉၈၈ ခုနှစ်တက္ကသိုလ်ကျောင်းတွေ မပိတ်ခင်အထိ ပင်ဟု ဆိုရပါမယ်။ အနုပညာ အသင်းကြီးရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ အကနဲ့ပြဇာတ်ဌာနခွဲကလည်း အသင်းကြီး စတင်ဖွဲ့စည်း တဲ့ ၁၉၅၁ ခုနှစ်ကပင်စ၍ အနုပညာနေ့ပွဲတော် ကို ကျင်းပခဲ့ရာ ယင်းပွဲတော်မှာကျောင်းသူ မတင်တင်စုရဲ့ ယိုးဒယားအက၊ မကြွယ်ကြွယ်ရဲ့ မြန်မာ့နန်းတွင်း တပင်တိုင် အကတွေနဲ့ ဧည့်ခံခဲ့ပြီး “ဘိုးဘိုးအောင်” အမည်ရှိ ပြဇာတ်ကို ကျောင်းသား ကိုစိန်အုံး၊ စတင်လီဘဖေတို့ ပါဝင်ကပြကာ ရှိတ်စပီးယားရဲ့ အင်္ဂလိပ်ပြဇာတ် “HAMLET” မှ အခန်းတစ်ခန်းကို ကျောင်းသားကိုဝင်းဖေနဲ့ ကျောင်းသူ မမေစီခတို့က ဦးဆောင်ကပြခဲ့ကြကြောင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ ထို့အပြင် ၁၉၅၂ ခုနှစ်မှာ ပါမောက္ခ ဦးဘ ဦးစီးပြီး မန္တလေးအောင်ပင်လယ်ဗြော၊ လင်ကွင်းရွဲအက၊ စည်တော်အကတွေကို ယုဒသန်ခန်းမဆောင်မှာ ခင်းကျင်းကပြနိုင်ခဲ့တယ်။ ၁၉၅၆-၅၇ ခုနှစ်မှာ အသင်းပိုင်အခန်းတွေ မရရှိသေးတဲ့အတွက် တက္ကသိုလ် ဆရာများ အသင်းတိုက်တွင် အပတ်စဉ်အကသင်တန်းတွေကို နိုင်ငံတော်ပန်တျာနှင့် ပြဇာတ် ကျောင်းထွက် ဆရာဆရာမတွေနဲ့ အခြေခံအကတွေ၊ တပင်တိုင် ယိမ်းအကတွေ၊ နန်းတွင်းယိမ်းအ ကတွေကို ကျောင်းသားကျောင်းသူတွေကို သင်ကြား ပို့ချပေး ခဲ့ကြတယ်။
၁၉၅၇-၅၈ ခုနှစ်နောက်ပိုင်းတွင်လည်း အကသင်တန်းတွေကို ဆက်လက်ဖွင့်လှစ်ခဲ့ရာ အကပညာသင် ဌာနစိတ်မှ သဘာပတိ ဒေါက်တာ မောင်မောင်ခနဲ့ ပြဇာတ်ဌာနစိတ်မှ သဘာပတိ ဦးဘတင်တို့ဦးစီးကာ ရာမဇာတ်တော်မှ ကဏ္ဍ ငါးခုအပါအဝင် ပဒေသာအကတွေ၊ ဗုံရှည်၊ ဗုံကြီး၊ စည်တော်၊ တီးဟန် ကဟန်တွေ၊ ယိမ်းအကတွေတို့ကို အနုပညာမဟာသဘင်ပွဲအဖြစ် ယုဒသန်ခန်းမရဲ့ အရှေ့လဟာ ပြင်ဇာတ်ခုံတွင် ခင်းကျင်းပြသနိုင်သည်အထိ အောင်မြင်ခဲ့ကြပါတယ်။ ထို့ထက်ပို၍ ထူးခြားသည်မှာ အသင်းလူကြီးတွေရဲ့ အသင်းသူ အသင်းသားတွေဟာ ပါမောက္ခချုပ် အိမ်ဝင်းအတွင်း ပြုလုပ်တဲ့ ဧည့်ခံပွဲတွေအတွက် အကတွေနဲ့ ဧည့်ခံတာ၊ ပဲခူးဆောင် ဗိုလ်ချုပ်အောင်ဆန်း အခန်းဖွင့်ပွဲမှာ ဧည့်ခံ ဖျော်ဖြေတာ၊ သမ္မတအိမ်တော် လွတ်လပ်ရေးနေ့ ဧည့်ခံဖျော်ဖြေပွဲမှာ ယိမ်းအကတွေနဲ့ ဖျော်ဖြေတာ တို့ကို ကူညီကပြဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထိုစဉ်က ပါမောက္ခချုပ်ရဲ့ မှတ်တမ်းအရ ကျောင်းသား မိတ်ဆက်အဖွဲ့တစ်ဖွဲ့ကို တရုတ်ပြည်ကို စေလွှတ်ရာ တက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား ကျောင်းသူ ၁၄ ဦးကို တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့ကို စေလွှတ်ပြီး ယူနန်ဘုရင်ဧည့်ခံပွဲ၊ မန်စီမြို့ ဥက္ကဋ္ဌကြီးဧည့်ခံပွဲ၊ ကူမင်း ပြည်သူ့ဇာတ်ရုံကြီးဧည့်ခံပွဲ၊ ကူမင်းလူငယ်များ ဧည့်ခံပွဲတွေမှာ မြန်မာ့အနုပညာရပ်တွေကို ကပြဖျော်ဖြေနိုင်ခဲ့ပါတယ်။ ထို့အပြင် ၎င်းဌာနစိတ်မှပင် သီးခြားအက သင်တန်းအဖြစ် တီတီစီကျောင်းဆောင်မှာ ဆရာဖြစ်သင်တန်းမှ သင်တန်းတက်နေသော ကျောင်းသား ကျောင်းသူတွေကို အကသင်တန်းတစ်ခုကို အသင်းကြီးက တာဝန်ယူ၍ ၁၉၅၆ ခုနှစ်မှစတင်၍ အပတ်စဉ် သင်ကြားပို့ချပေးခဲ့ပါတယ်။ ဟောပြောရေးဌာနခွဲကလည်း ဟောပြောပွဲတွေ ကျင်းပပြုလုပ် ပေးဖို့ ရည်ရွယ်ချက်ထားရှိခဲ့သဖြင့် ၁၉၅၁ ခုနှစ်မှစ၍ မြန်မာပညာရှိ ဒဂုံပ ဦးဘတင်၏ “မြန်မာ ဇာတ်အကြောင်း” ၊ ပညာ ဝန်ဟောင်း ဦးစိန်ရွက်၏ “Lighter Veins In Burmese Drama”၊ မြန်မာပညာ ရှိ ဦးဂုဏ်ဘဏ်၏ “မြန်မာဇာတ် သဘင်”၊ ယဉ်ကျေးမှုဌာန ညွှန်ကြားရေးဝန် ဦးသာမြတ်၏ “မွန် မြန်မာအက္ခရာသမိုင်း” ဟောပြောပွဲတွေကို ကျင်းပခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် အနုပညာအသင်းမှ ဦးစီးကာ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာအသင်းမှ လူကြီးမင်းတွေနဲ့ တက္ကသိုလ်မှ ဆရာတွေ ပါဝင်တဲ့ စကားရည်လုပွဲ (Debate)ကျင်းပရာ “မြန်မာစာပေသည် ဘဝသရုပ်မှန် စာပေဖြစ်သည်” ဟူသော ခေါင်းစဉ်ဖြင့် ဦးထင်ဖတ် (မောင်ထင်)၊ ဦးသိန်း (ဇဝန)၊ ဦးသိန်းတင် (ညိုမြ) တို့က အဆိုတင်သွင်းပြီး ဆရာဦးစံထွန်း၊ ဆရာ ဦးကျော်ရင်၊ ဆရာဦးလှရွှေတို့က ချေပပြောဆို ခဲ့ကြပါတယ်။
အိမ်တွင်းအလှဆင်နဲ့ ဗိသုကာဌာနခွဲအနေနဲ့မူ ၁၉၅၆ ခုနှစ် ကျမှသာလျှင် ဗိသုကာပညာရပ်နဲ့ သက်ဆိုင် သော အကြောင်းကို ဗိသုကာသိပ္ပံ မဟာဌာနမှ ကထိကဆရာ ဒေးဗစ်က “Architecture as an Art" ခေါင်းစဉ်နဲ့ ရုပ်ပြပညာပေး ဟောပြောပို့ချပေးခဲ့ပါတယ်။ ဗိသုကာပညာရပ်အနေနဲ့ နှစ်စဉ် ကျင်းပတဲ့ ပန်းချီပြိုင်ပွဲပြပွဲများမှာ ကျောင်းသားတွေရဲ့ ဗိသုကာလက်ရာတွေကို ပါဝင်ပြသခဲ့ကြပါတယ်။ ထိုစဉ်က အခြားပညာရပ်ဆိုင်ရာမှာ သင်ကြားပြသပေးနိုင်တဲ့ ဆရာတွေ မရှိတဲ့ အခက်အခဲကြောင့် ခေတ္တရပ်နား လိုက်ရပါ တယ်။
ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သော ရွှေရတုသဘင်
အဲဒီလိုရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီးကို စနစ်တကျတည်ထောင်ပြီး မြေတောင်မြှောက် အားပေး ချီးမြှင့်ခဲ့ကြတဲ့အတွက် ရန်ကုန်တက္ကသိုလ် နှစ်(၅၀) ပြည့် ရွှေရတုသဘင်ပွဲကို ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်တိတိ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေနဲ့ ပြင်ပရောက် ကျောင်းသား ကျောင်းသူဟောင်းတွေ အားလုံး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ သဘင်ပွဲမှာ အနုပညာအသင်းက ဇာတ်ခုံ သုံးခုံ တည်ဆောက်ခဲ့ရာ ဝိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်မှာတစ်စင်၊ မန္တလေးဆောင်ရှေ့ မြက်ခင်းပြင်မှာတစ်စင်၊ ဆေးတက္ကသိုလ် မြက်ခင်းပြင်မှာတစ်စင်၊ ထို့အပြင် ဘွဲ့နှင်းသဘင်ခန်းမ၏ ဘယ်ဘက်နံဘေးတွင် ဂီတဖျော်ဖြေရေးစင်၊ အပန်းဖြေရိပ်သာထဲတွင် ဂီတပြိုင်ပွဲစင်များကို တည်ဆောက်ကာ အနုပညာ အသင်းသူ အသင်းသား တွေက အဆို၊ အကပေါင်းစုံ၊ ပြဇာတ်များ၊ အငြိမ့်တွေနဲ့ အားရ ပါးရ စည်စည် ကားကား ဖျော်ဖြေ ပေးခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ်မှာ အဓိပတိလမ်းမကြီးနံဘေး၊ တက္ကသိုလ်စာကြည့်တိုက်နဲ့ မျက်နှာချင်းဆိုင်မှာ တက္ကသိုလ် အပန်းဖြေရိပ်သာကို တည်ဆောက်ပြီး အနုပညာအသင်းရုံးခန်း၊ အကသင်တန်းခန်းမ၊ ပြဇာတ်ခန်း၊ စန္ဒရားခန်း၊ ပတ္တလားခန်း၊ စောင်းသင်တန်းခန်းတွေ ဖွင့်လှစ်၍ ယဉ်ကျေးမှုဌာနမှ ဆရာကြီး၊ ဆရာမကြီးတွေကို ပင့်ဖိတ်ပြီး သင်ကြားပို့ချပေးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ ပါဝင်တီးမှုတ် ကြတဲ့ မြန်မာ့ဆိုင်းဝိုင်းကို ထူထောင်နိုင်ခဲ့ပြီး ၁၉၇၅-၇၆ ခုနှစ်လောက်မှစ၍ ဘွဲ့နှင်းသဘင် ခန်းမမှာ ကျင်းပသော ဘွဲ့ပေးအပ်ပွဲတွေမှာ ယခင်ကပြင်ပဆိုင်းအဖွဲ့တွေကို ငှားရမ်းတီးစေရာမှ တက္ကသိုလ် အနုပညာဆိုင်းအဖွဲ့ ကို တီးမှုတ်စေခဲ့တယ်။
တက္ကသိုလ်အနုပညာအသင်းမှ နှစ်စဉ်ပြဇာတ်သစ်တွေကို တင်ဆက်ခဲ့ကြရာ တို့ဆေး၊ မှတ်တိုင်ကလေး ကိုတဲ့ ကားပေါ်တင်၊ ကြေးမုံပြင် ဟာသပြဇာတ်တွေကို ကျောင်းသား ကျောင်းသူတွေက အထူးအားပေး နှစ်ခြိုက်ခဲ့ကြပါတယ်။
ထို့အပြင် ရန်ကုန်တက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတု သဘင်ပွဲကို တာဝန်ခံကျင်းပပေးခဲ့တဲ့ ထိုစဉ်က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာညီညီ (ယခုအခါ အမေရိကန်တွင် နေထိုင်လျက်ရှိ) ပြောခဲ့တဲ့ စကားလည်းရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ အငြိမ့်သည် ဘယ်ခါမှ ခွဲမရဆိုတဲ့ စကားပင် ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုရသော် ရန်ကုန်တက္ကသိုလ်ဟာ မည်သည့်အောင်ပွဲ အခမ်းအနားများ တွင်မဆို အငြိမ့်နဲ့ ဧည့်ခံတဲ့ အစဉ်အလာရှိခဲ့တယ်ဟု ဆရာကြီးကပြောခဲ့ကြောင်း အမေရိကန်နိုင်ငံတွင် ဆရာကြီးကို သွားရောက် အင်တာဗျူးလုပ်ခဲ့သော အငြိမ်းစား ဒုတိယပါမောက္ခချုပ် ဦးခင်မောင်ချိုက ပြောပြခဲ့ပါတယ်။ မှန်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ အဆောင် ညစာစားပွဲမှအစ တစ်နိုင်ငံလုံး ဟိုးလေး တကြော်ကြော်ဖြစ်ခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းက Burma Police ပုလိပ်ကြီး အသင်း ကိုနိုင်ပြီး အောင်ပွဲခံခဲ့ရာ ရန်ကုန်တက္ကသိုလ် ဘောလုံးကွင်းတွင် နာမည်ကျော်အငြိမ့်တွေနဲ့ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံခဲ့ကြပါတယ်။ ဒါကြောင့် လေဘာတီ မမြရင်တို့ခေတ်ကလိုပင် အငြိမ့်မင်းသမီး များတွင် ကောလိပ်မြိုင်၊ ယူနီဗာစီတီမြသန်းကြည်၊ ရွှေလိပ်ပြာမအေးကြည်၊ ယိုးဒယားပြန်အမာစိန်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်းတို့ဟာ တက္ကသိုလ်ကျောင်းသားတွေအကြားမှာ ရေပန်းစားခဲ့ကြတဲ့ အငြိမ့်မင်းသမီးတွေ ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ အငြိမ့်ခွဲမရဆိုတဲ့စကားအတိုင်း ရန်ကုန်တက္ကသိုလ် အနုပညာ အသင်းကြီး ပေါ်ပေါက်ပြီးနောက် ကျောင်းသားကျောင်းသူတွေ ကိုယ်တိုင်ပါ အငြိမ့်မင်းသမီးတွေအဖြစ် ပါဝင်ကပြကြပြီး ကျောင်းသားတွေက လူရွှင်တော်တွေလုပ်ကာ ကပြဖျော်ဖြေခဲ့ကြတဲ့ ကံ့ကော်မြိုင် အငြိမ့်ကိုလည်း ဆရာဆရာမတွေ၊ ကျောင်းသားတွေက အထူးအားပေး ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ မွေးထုတ်ပေးခဲ့သော အဆိုတော်တွေ၊ မင်းသမီးတွေ၊ လူရွှင်တော်တွေဟာ နောင်ကျောင်းပြီးသွားသောအခါ မြန်မာ့အနုပညာ လောကတွင် ထင်ရှားကျော်ကြား အောင်မြင်သူတွေ အမြောက်အမြားပေါ်ထွန်းခဲ့ပါတယ်။
နှစ်ပေါင်း ၁၀၀ အတွင်း ထွန်းပေါက်ခဲ့တဲ့ စာပေနဲ့ အနုပညာရှင်တွေရဲ့ အမည်စာရင်းကိုသာ ရေးချပြရမယ်ဆိုရင် ဆောင်းပါးမှာ အလွန်ရှည်လျားသွားမှာဖြစ်၍ အမည်နဲ့တကွ မဖော်ပြနိုင်တာကို နားလည်ခွင့်လွှတ်ပေးကြဖို့ စာဖတ်ပရိသတ်ကို တောင်းပန်အပ်ပါတယ်။
ဒါဟာ တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ လောက်ကတည်းက နိုင်ငံတော်ရဲ့ ဆော့ဖ်ပါဝါကို နိုင်ငံတော် ရဲ့ အမြင့်မားဆုံး ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကြီးက အမြော်အမြင် ကြီးမားစွာ တက္ကသိုလ်ကို ဦးဆောင်ခဲ့ကြတဲ့ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ ကထိကတွေ၊ ဆရာ ဆရာမတွေက ထူထောင်ခဲ့ကြခြင်း ရဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ တက္ကသိုလ်ကျောင်းတွေကို နိုင်ငံရေးအခြေအနေ တွေကြောင့် ကျောင်းတွေ မကြာခဏပိတ်တာ၊ နှစ်ရှည်လများ ရန်ကုန်တက္ကသိုလ်ကို ပိတ်ထားတာ တို့ကြောင့် ရန်ကုန်တက္ကသိုလ် အနုပညာအသင်းရဲ့ လှုပ်ရှားမှုတွေမရှိတော့သလောက် နည်းပါးသွားခဲ့ ရာမှ နောက်ဆုံးမှာ ပျောက်ကွယ်သွားတဲ့အထိ ရောက်ရှိသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ယခုအစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ် ကစလို့ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းလက်ထက် ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်အနုပညာအသင်းရဲ့ ပန်းချီဌာနခွဲကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပန်းချီအသင်းသားဟောင်းတွေရဲ့ အင်တိုက်အားတိုက် ပါဝင်ကူညီပေးမှုကြောင့် ပန်းချီခန်းမမှာ ပန်းချီသင်တန်းတွေကို အပတ်စဉ်ဖွင့်လှစ်နိုင်ခဲ့တယ်။ ယခုဆိုလျှင် သင်တန်းသား ၁၀၀ ကျော်ကို တန်းခွဲသုံးခုခွဲ၍ သင်ကြားပေးရသည်အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။
နှစ် ၇၀ ခရီးပေါက်လာခဲ့ပြီ
အလားတူပဲ ၂၀၁၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာအတွင်းရှိ အနုပညာအသင်းခန်း တွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အနုပညာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာစာဌာနမှူး ပါမောက္ခဒေါက်တာ အောင်မြင့်ဦးက ဆောင်ရွက်ပြီး အကသင်တန်း၊ အဆိုသင်တန်း၊ ပတ္တလားသင်တန်း၊ စောင်းသင်တန်းတွေကို အသင်းသား အသင်းသူဟောင်းတွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့တယ်။ သင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲတွေကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ကွန်ပျူတာသိပ္ပံဌာနမှူး ပါမောက္ခ ဒေါက်တာစိုးမြမြအေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်ခဲ့ပြီး စန္ဒရားသင်တန်းကိုပါ တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ပြဇာတ်ပညာနဲ့ပတ်သက်ပြီး အကယ်ဒမီ ဒါရိုက်တာငြိမ်းမင်းနဲ့ သရုပ်ဆောင် လူရွှင်တော်အရိုင်းတို့က ဝိဇ္ဇာခန်းမမှာ ဟောပြောပို့ချပေးခဲ့ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်ဟာ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းကြီးရဲ့ နှစ် ၇၀ ပြည့် အချိန်ကျရောက်မှာဖြစ်လို့ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းသားဟောင်းတွေ စုစည်းဖွဲ့စည်းကာ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်ပွဲနဲ့အတူ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဟောပြောပွဲတွေ၊ ဂီတပြိုင်ပွဲတွေ၊ ဓာတ်ပုံနဲ့ ပန်းချီပြပွဲတွေ၊ ပဒေသာကပွဲတွေ၊ ပြဇာတ်တွေ၊ အငြိမ့်တွေ တင်ဆက်ဖျော်ဖြေနိုင်ဖို့ ကြိုးစားအားခဲထားခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပရေး ကော်မတီ အစည်းအဝေးမှာ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေး ကဏ္ဍကို မြှင့်တင်ရာတွင် စာသင်ကြားရေး တစ်ခုတည်းကိုသာ မြှင့်တင်ကြဖို့မဟုတ်ဘဲ စာပေ၊ အနုပညာနဲ့ အားကစားပညာရပ်တွေကိုလည်း တိုးမြှင့်လုပ်ဆောင် ပေးကြဖို့ ညွှန်ကြားပြောဆို သွားခဲ့ပါ တယ်။
ထို့ကြောင့် ယခင်က အစဉ်အလာရှိခဲ့တဲ့ ရန်ကုန် တက္ကသိုလ်အနုပညာအသင်းကြီးရဲ့ မြန်မာ့ရိုးရာ အကတွေ၊ မြန်မာရိုးရာတူရိယာတွေနဲ့ တီးခတ်မှု အတတ်ပညာ၊ မဟာဂီတသီချင်းတွေ၊ ပြဇာတ်တွေ စသည့် မြန်မာရိုးရာယဉ်ကျေးမှုအနုပညာတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမယ့်အပြင် အဆင့်အတန်းမြင့်မားတိုးတက်ဖို့၊ နိုင်ငံအနှံ့ နိုင်ငံတော်ရဲ့ ဆော့ဖ်ပါဝါအဖြစ် လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။
(ဆောင်းပါးပါ ဓာတ်ပုံများကို ရန်ကုန်တက္ကသိုလ် အနုပညာအသင်းက ကူညီပံ့ပိုးပေးပါသည်။)
မျိုးမြတ်သူ