၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ဩဂုတ်လ ၁၉ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်တွင် ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ တမာပင်ဦးဆောင်စိုက်ပျိုးပေးသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ရင်းမာ၊ မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့်သစ်ပင်ခြောက်မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက “သဘာဝဘေးအန္တရာယ်များသည် တားဆီး၍မရသော်လည်း လူများ၏ ကြိုတင်ကာကွယ်ဖန်တီးမှု၊ လုံ့လ၊ ဝီရိယထားကြိုးပမ်းဆောင်ရွက်မှုများဖြင့် ထိုက်သင့်သလောက် အကာအကွယ်ပေးနိုင်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းကြောင့် အရိပ်အာဝါသများရရှိခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်းများ ဖြစ်ပေါ်ရရှိလာမည်ဖြစ်ကြောင်း၊ ယခုဒေသတွင် သစ်ပင်များစိုက်ပျိုး၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်သင့်ကြောင်း” ပြောကြားခဲ့သည်။
အပူပိုင်းဒေသ ၁၃ ခရိုင်သည် အနောက်ဘက်တောင်ကုန်းနှင့် ရှမ်းကုန်းပြင်မြင့်တို့အကြားတွင် တည်ရှိပြီး မိုးနည်းရေရှားမြစ်ဝှမ်းဒေသကြီး၏ အလယ်ပိုင်းဖြစ်သည်။ တောင်တန်းများ၊ ကုန်းပြင်မြင့်များနှင့် လွင်ပြင်ကျယ်များ ထင်ရှားစွာမရှိသောကြောင့် မြေမျက်နှာပြင်အနေအထား၌ အခြားဒေသများကဲ့သို့ ပေါ်လွင်သောသဏ္ဌာန်မရှိချေ။ အတွင်းပိုင်းသို့တိုး၍ကျတိုင်း ခြောက်သွေ့ပူပြင်းသွားခြင်းနှင့် မိုးနည်းပါးသွားခြင်းကြောင့်လည်း အခြားဒေသများထက်ထူးခြားခြင်းဖြစ်သည်။ မိုးခေါင်ခြောက်သွေ့၍ အပူအအေးလွန်ကဲပြင်းထန်သော်လည်း မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အထင်ရှားဆုံးဒေသဖြစ်သည်။ အပူဆုံးလမှတစ်ပါးကျန်လများတွင် ကောက်ပဲသီးနှံများကို ရာသီအလိုက် အများဆုံးစိုက်ပျိုးနိုင်သည်။
ယခင်နှစ်က ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းထုတ်ပြန်ရာတွင် အပူပိုင်းဒေသ ၁၃ ခရိုင်ရှိ မြို့အချို့ပါဝင်ခဲ့သည်။ အပူပိုင်းဒေသများတွင် ရာသီဥတုပိုမိုပူပြင်းလာသည်ကို နိုင်ငံတော်အကြီးအကဲအနေဖြင့် သတိပြုမိသည့်အတွက် လူထုလှုပ်ရှားမှုအသွင် သစ်ပင်စိုက်ပျိုးပွဲများကို အပူပိုင်းဒေသမြို့များ၌ ကိုယ်တိုင်တက်ရောက်ပါဝင်၍ သစ်ပင်များစိုက်ပျိုးပေးခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် မိတ္ထီလာခရိုင်၌ ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ် မိုးရာသီလူထုလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးပွဲကို မင်းဘူးခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှု ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိတော့သည့်အတွက် ခုနစ်ရာခိုင်နှုန်းလျော့နည်းသွားသည်ကို တွေ့ရသည်။ သစ်ပင်များမရှိပါက မြေဆီလွှာများ ပျက်သုဉ်းလာပြီး သစ်ပင်များ ရှင်သန်မှုနည်းပါးလာကာ ကန္တာရဆူးပင်များသာ ပြည့်လာမည်ဖြစ်သည်။ ထို့ကြောင့် သစ်ပင်များစိုက်ပျိုး၍ ကြိုတင်ကာကွယ်ခြင်းများကို ဆောင်ရွက်ကြရသည်။ သစ်တောဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေရန်အတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း ပျိုးပင်ပေါင်း ၁၆ ဒသမ ၂၇ သန်းစိုက်ပျိုးခဲ့သည်။ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်စီမံကိန်းဆောင်ရွက်ရန်စီစဉ်ထားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် တစ်ရွာတွင် ထင်းစိုက်ခင်းနှစ်ဧကစီ စိုက်ပျိုးရန်တိုက်တွန်းပြောကြားထားသည်။ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၉၆၃ ရွာတွင် တစ်ရွာနှစ်ဧက စိုက်ပျိုးသွားမည်ဆိုပါက ဧက ၂၀၀၀ နီးပါးဖြစ်ထွန်းလာမည်။ တစ်နှစ်လျှင်တစ်ခါ ထပ်မံစိုက်ပျိုးသွားမည်ဆိုပါက သစ်တောသစ်ပင်များ များစွာပေါက်ရောက်မည်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို များစွာအထောက်အကူပြုနိုင်သည်။ အလားတူ တစ်အိမ်လျှင်တစ်ပင်စိုက်ပျိုးပါက မင်းဘူးခရိုင်အတွင်း သစ်ပင်သစ်တောပေါက်ရောက်မှု များစွာတိုးတက်လာမည်ဖြစ်သည်။ “သစ်တစ်ပင်ကောင်းပါက ငှက်တစ်သောင်းနားခိုနိုင်သည်” ဟု အဆိုရှိသည်။ သစ်ပင်များတွင် ကျေးငှက်သာရကာတို့ လာရောက်နားခိုကြပြီး ၎င်းတို့သယ်ဆောင်လာသော သစ်စေ့များမှ သစ်ပင်များထပ်မံပေါက်ရောက်ကာ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေသည်။
သို့ဖြစ်ရာ သစ်ပင်များစိုက်ပျိုး၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် အနာဂတ်ကာလတွင် စိမ်းလန်းစိုပြည်သောပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဖြစ်၍ ပူပြင်းခြောက်သွေ့သော မိုးနည်းရေရှားအပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း။ ။