နေပြည်တော် ဩဂုတ် ၁၉
မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအုပ်စု ကြောင်ရေကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ တောင်သူများ အဓိကလိုအပ်သော သွင်းအားစုနှင့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာများ သုံးစွဲရာတွင်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့်ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျမှန်ကန်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သီးနှံပေါ်ပါက ယခုသွင်းအားစုတန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အပြေအကျေ ပြန်ဆပ်ရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ်အတွင်းရှိ ကြောင်ရေ၊ နောင်ဘို၊ သပြေပင်၊ ပြောင်ခေါင်းကြီး၊ ပေါက်မြိုင်၊ အလယ်ကျွန်း၊ သော်မှော်ကုန်း၊ ရွှေပြည်အေးစသည့်ကျေးရွာ ရှစ်ရွာမှ မိုးစပါးစိုက် တောင်သူများအား သွင်းအားစုပုလဲဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာများ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ကြောင်ရေစံပြကျေးရွာ၌ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသည့် သင်တန်းသူများ၏ မိုးဘက်စုံသုံး ဆပ်ပြာရည်လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်သည့်ပစ္စည်းများ အရည်အသွေးပြည့်မီရေး၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး အသင်းပိုင်မြေ ၁၉ ဧကကျော်တွင် အသင်းသားတောင်သူများ၏ အောင်နိုင်တိုးအထွက် တိုးမျိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေကိုလည်းကောင်း၊ ဘရာမင်ရွှေနီ နွားမျိုးနှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အောင်ရေရရှိရေး၊ ပေါင်းမြက်ကင်းစင်ရေးနှင့် ဈေးကွက်ရရှိရေးကိစ္စရပ်များနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်